အဖမ်းအဆီးများသဖြင့် ကမ်းနီးငါးဖမ်းလှေကြီးအချို့ ငါးဖမ်း မထွက်ရဲ

0
1396

ပင်လယ်ပြင်တွင် တပ်မတော် (ရေ) မှ အရွယ်လွန်ကမ်းနီးငါးဖမ်းလှေများကို ယခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးလာသဖြင့် ငါးဖမ်းမထွက်ရဲဖြစ်နေကြကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ ငါးဖမ်းလှေသမားများထံမှ သိရသည်။


ယင်းသို့ တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးလာသည်မှာ သင်္ကြန်ပြီးကတည်းကဖြစ်ပြီး ယခုအချိန်တွင် အရွယ်လွန်ကမ်းနီးငါးဖမ်းလှေ အတော်များများ ရပ်နားထားကြရကြောင်း လှေသမားများက ပြောကြသည်။


“ထွက်လာရင် ဖမ်းမယ်ဆိုပြီး (ရေတပ်သင်္ဘောနဲ့ နီးစပ်သူများဆီက) အသံကြားရကတည်းက နားထားကြတာ အခုထိပဲ” ဟု လှေပဲ့နင်းတစ်ဦးက ပြောသည်။


အချို့က ပြီးခဲ့သည့်ရက်ပိုင်းက အရဲစွန့်ကာ ငါးထွက်ဖမ်းကြရာ ရေတပ်သင်္ဘောလိုက်ဖမ်းသဖြင့်လည်းကောင်း၊ အခြားလှေများကို လိုက်ဖမ်းနေသည်ကို တွေ့၍လည်းကောင်း ကမ်းသို့အမြန်ပြန် ဝင်ပြေးလာကြရကြောင်း လှေလုပ်သားအချို့က ပြောကြသည်။


ယင်းအရွယ်လွန် ငါးဖမ်းလှေများမှာ ငါးလုပ်ငန်းဥပဒေအရ ညွှန်ကြားရေးမှူးချုပ်မှ သတ်မှတ်ထားသော ကမ်းနီးလှေသတ်မှတ်ချက် လှေအလျား ပေ ၄၀ ဝန်းကျင်၊ လှေမောင်းစက် မြင်းကောင်ရေ ၅၀ ထက် ကျော်လွန်နေကြသော လှေများဖြစ်သည်။


ထိုသို့ ကျော်လွန်နေကြသဖြင့် ငါးဦးစီးဌာနတွင် ကမ်းနီးငါးဖမ်းလိုင်စင် လုပ်ခွင့်မရကြဘဲ ပင်လယ်ပြင်တွင် လိုင်စင်မဲ့ ငါးဖမ်းနေကြရသည်။


၎င်းတို့သည် ပြောင်းလဲလာသောရာသီဥတုအရ သားငါးရှားပါးကာ ငါးဖမ်းလုပ်ကွက် ဝေးကွာလာခြင်းကြောင့် အဝေးသို့ငါးထွက်ဖမ်းနိုင်ရန် လှေနှင့်စက်ကို မမျှော်မှန်းနိုင်သော သဘာဝဘေးဒဏ်ခံနိုင်သည့် အရွယ်အစားများသို့ တိုးချဲ့တည်ဆောက်ကြရင်းမှ ယင်းသို့ အရွယ်လွန်ကမ်းနီးငါးဖမ်းလှေများ ဖြစ်လာခြင်းဖြစ်ကြောင်း လှေသမားတို့က ပြောကြသည်။


တပ်မတော်ရေမှ ဖမ်းမိပါက ငါးဦးစီးဌာနသို့အပ်ကာ ငါးဦးစီးမှလှေပဲ့နင်းကို ထောင်၁၀ နှစ်၊ လှေသားကို ထောင်၃ နှစ်ထိကျခံနိုင်သော ပုဒ်မများဖြင့် တရားစွဲဆိုခြင်း၊ လှေကို ပြည်သူပိုင်သိမ်းခြင်း/ ဒဏ်ရိုက်ခြင်းတို့ အပြစ်ပေးအရေးယူလေ့ရှိသည်။


ယခုလပိုင်းအတွင်း၌ တနင်္သာရီတိုင်းအတွင်းမှ အရွယ်လွန်ကမ်းနီးငါးဖမ်း လှေများကို ယင်းသို့ အပြစ်ပေးအရေးယူမှုများပြားလာသဖြင့် လှေသမားများပိုမို စိုးရိမ်လာကြကာ လှေမထွက်ရဲကြတော့ခြင်း ဖြစ်သည်။


ယင်းသို့လှေမထွက်နိုင်သဖြင့် လှေပိုင်ရှင်များ၊ ရေလုပ်သားများနှင့် ၎င်းတို့၏ မိသားစုများအခက်အခဲ ဖြစ်နေရကြောင်း လှေရှင်အချို့က ပြောကြသည်။


“လှေသားရဲ့ မိန်းမတွေက စားဖို့အတွက် ဝယ်ဖို့ခြမ်းဖို့ ပိုက်ဆံလာကြို ထုတ်ကြတယ်။ တို့ကလည်း လှေမထွက်ရတော့ ဘယ်ကဝင်ငွေနဲ့ ငွေကြိုထုတ် ပေးနိုင်မလဲ။ ကြာရင်ငတ်ဖို့ပဲ ရှိပြီ” ဟု လှေရှင် အမျိုးသမီးတစ်ဦးက ပြောသည်။


ကိုဗစ်ကပ်ဘေးကာလအတွင်း ငါးခြောက်ဈေးများလည်း ထိုးကျနေသည်။


နှစ်စဉ်သတ်မှတ်ချက်အရ ဇွန်လ စမှ ဩဂုတ်လကုန်အထိကို မွေးရာသီငါးမဖမ်းရ ကာလသတ်မှတ်တော့မည်ဖြစ်ရာ ယင်းအချိန်တွင်လည်း ထိုလှေများ အလုပ် ၃ လ နားကြရဦးမည် ဖြစ်သည်။


လက်ရှိအသစ်ရေးဆွဲထားပြီး အမျိုးသားလွှတ်တော်တွင် သောင်တင်နေသည့် ငါးလုပ်ငန်းဥပဒေသစ်တွင်လည်း ရေလုပ်သားများအတွက် ထူးခြားပြောင်းလဲစေမည့်ပုဒ်မများ မတွေ့ရသေးပေ။