ကိုဗစ်ကာလထောက်ပံ့သည့် အခြေခံစားကုန်အကြွေး တိုင်းအစိုးရမပေးသေး

0
1147

ကိုဗစ်ကပ်ဘေးသင့်ကာလ သင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကိုထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း ဝယ်ယူစဉ်က အကြွေးကို တိုင်းအစိုးရကလက်ရှိအချိန်ထိ မပေးသေးကြောင်း ကုန်သည်အချို့ထံမှ သိရသည်။


ထိုအချိန်က ပေးဝေခဲ့သည့် ဆန်၊ ကြက်သွန်၊ ပဲ စသည့် ပစ္စည်းများကို တိုင်းအစိုးရကကုန်သည်များထံမှ အကြွေးဖြင့်ဝယ်ယူခဲ့ပြီး လက်ရှိအချိန်တွင် ကျသင့်ငွေ၏ တစ်ဝက် သို့မဟုတ် တစ်ဝက်ကျော်သာ ပေးသေးကြောင်း ကုန်သည်အချို့က ဆိုသည်။


သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာနှုန်း ထောက်ပံ့ပေး ခြင်းဖြစ်သည်။


ယင်းပစ္စည်းများကို ဧပြီလ ၁၀ ရက် တွင် စတင်ပေးဝေခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့တွင် ကျသင့်ငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သိန်းသုံးထောင်သာ ရရှိသေးကြောင်း ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ပြောသည်။


ကျန်သည့် သိန်းနှစ်ထောင်ခန့်ကို လက်ရှိအချိန်ထိ မပေးသေးသည့်အတွက် လုပ်ငန်းလည်ပတ်ရာတွင် အခက်အခဲများကြုံတွေ့ရကြောင်း ၎င်းက ဆိုသည်။

ဆန်၊ ဆီ၊ ဆား အကြွေး မပြေသေးတဲ့ တနင်္သာရီ အစိုးရ

ယင်းငွေဖြင့်ပင် ရန်ကုန်/ဧရာဝတီဘက်မှ ဆန်ဝယ်ယူပြီး ထားဝယ်ဒေသသို့ တင်သွင်းနေရကြောင်း ဦးနိုင်လွင်လတ်က ပြောသည်။


“ပုံမှန်လည်ပတ်နေတဲ့ငွေကိုး။ အခုဆိုရင် ဟိုဘက်ကို ပေးမယ်ပြောထားတာတွေ ကတိပျက်တယ်” ဟု ဦးနိုင်လွင်လတ်က ပြောသည်။


ထားဝယ်ခရိုင်နည်းတူ မြိတ်ခရိုင်တွင်လည်း ယင်းထောက်ပံ့ပစ္စည်းအချို့ (ဆန်၊ ကြက်သွန်နီ၊ ပဲ) အတွက် ကျပ်သိန်း ၇၀ဝ၀ ကျော်ဖိုး ရောင်းချထားပြီး လက်ရှိတွင် သိန်း ၃၀ဝ၀ ကျော်သာ ပြန်ရသေးကြောင်း မြိတ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွေးဝေက ဆိုသည်။
တိုင်းအစိုးရထံမှ ငွေအပြေမရသေးသည့်အတွက် မိုးရာသီအတွက် ဆန်ဝယ်ယူစုဆောင်းရန် အခက်အခဲဖြစ်နေကြောင်း ၎င်းက ပြောသည်။


“ကုန်သည်တွေမှာလည်း တအားအခက်အခဲတွေ့နေတယ်ပေါ့နော်။ မိုးတွင်းမှာ ကျွန်တော်တို့က ဆန်ပြန်ပြီးဝယ်စု ရမယ့်ဟာ။ ကိုယ်တွေငွေက သူတို့ဆီမှာ သွားပုံနေတဲ့အတွက် ငွေမရှိတဲ့အတွက် အလုပ်လုပ်လို့မရဘူးပေါ့” ဟု ဦးထွေးဝေက ဆိုသည်။


ယင်းအိမ်ထောင်စုများအတွက် ထောက်ပံ့ပေးခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးမှာ ၁ ဒဿမ ၈ ဘီလီယံခန့်ရှိပြီး ယင်းပမာဏ၏ တစ်ဝက်ကို ပေးချေထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။


ကျန်ငွေများကိုမူ တိုင်းနှင့်ပြည်နယ်အားလုံး၏စာရင်းကို ပြည်ထောင်စုက အဆင့်ဆင့်စိစစ်နေရပြီး လက်ရှိတွင် စိစစ်ပြီးပြီဖြစ်သည့်အတွက် မကြာမီပေးချေတော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“ဒီဟာနဲ့ပတ်သက်လို့ အစိုးရနဲ့ ကုန်သည်တွေရဲ့ကြားမှာ အခက်အခဲတွေ တွေ့နေရတယ်။ မျက်နှာပူနေရတယ်။ ကျွန်တော်တို့က ဒါကို ကတိတွေနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အမြန်ဆုံးပေးပါ။ အမြန်ဆုံးပေးပါဆိုတာ၊ ကျွန်တော်ထင်တယ် ပြည်နယ်/တိုင်း အားလုံးထဲမှာ ကျွန်တော်အတင်ပြဆုံးပါပဲ” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။


အခြေခံလူတန်းစားအိမ်ထောင်စုအရေအတွက်မှာ ထားဝယ်ခရိုင်တွင် ၄၇၅၂၈ စု၊ မြိတ်ခရိုင်တွင် ၆၅၂၄၅ စုနှင့် ကော့သောင်းခရိုင်တွင် ၁၇၅၀၁ စုရှိကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။