ကြိုမြင်ခဲ့တဲ့ ကပ်ဘေး

194
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အခန်း ( ၂ )

“နောင်ကြုံရမယ့် ကပ်ရောဂါဘေး ဖြစ်လာမှာလား မေးစရာမလိုပါ။ ဘယ် အချိန်ဖြစ်မှာလဲ ဆိုတာသာ မေးရမှာ (The Next Pandemic: Not if, but when)”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ၂၀၁၃ ခု မေ ၉ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ရေးသူက အမေရိကန်သိပ္ပံစာရေးဆရာ ဒေးဗစ်ကွာမန်း (David Quammen) ဖြစ်ပါတယ်။ သူ့ကို အတော်ဆုံးစာရေး ဆရာထဲက တစ်ယောက်လို့ နယူးယောက် တိုင်းမ်သတင်းစာက ရည်ညွှန်းပါတယ်။ ၂၀၁၃ မှာပဲ သူ့ရဲ့လွင့်စင်ရောက်ရှိလာခြင်း (Sစငူသလနမ)ဆိုတဲ့ စာအုပ်ထွက်လာပါ တယ်။ ပညာရှင်တွေရဲ့ သုတေသနအမြင် တွေကို မူတည်ပြီး အချက်အလက် အထောက်အထားနဲ့ သတိပေးချက်တွေ ပါဝင်ပါတယ်။

သူတွေ့ခဲ့တဲ့ပညာရှင်တွေက ဧရာမ ဖြစ်ရပ်ကြီး (Next Big One – NBO) ကတော့ ဖြစ်မှာပဲ။ ဘာကြောင့်ဖြစ်မလဲ။ ဖြစ်နိုင်ခြေအများဆုံးကတော့ ဗိုင်းရပ်စ် ကြောင့်ပဲ။ ဘယ်လိုဗိုင်းရပ်စ်မျိုးလဲ။

အသစ်ဖြစ်လိမ့်မယ်။ အနည်းဆုံး လူတွေ မသိထားသေးတဲ့ ဗိုင်းရပ်စ်။ ကိုရိုနာ ဗိုင်းရပ်စ် အုပ်စုထဲက ဖြစ်နိုင်တယ်။ မျိုးဗီဇဟာဒီအန်အေ (DNA) ဟုတ်ဘဲ အာအန်အေ(RNA) ဖြစ်လိမ့်မယ်။ သူက ကူးစက်ပြောင်းလဲမှုမြန်တယ်။ အဲဒီဗိုင်း ရပ်စ်က ဘယ်ကလာမလဲ။ တခြား တိရစ္ဆာန်တွေဆီကနေလာမယ်။ ဒါကို ဇိုနိုးဆစ် (Zoonosis) လို့ခေါ်တယ်။ ဒီစကားလုံးဟာ အနာဂတ်မှာ ကြားရမယ့် စကားလုံး၊ ၂၁ ရာစုမှာ အသုံးများမယ့် စကားလုံးဖြစ်လာဖို့ အကြောင်းခံ ရှိပြီး သားပါ။ (Zoonosis is “a word of the nature”, destined for heavy use in twenty-first century.)လက်ရှိမှာ ကူးစက်ရောဂါ ၆၀ ရာခိုင်နှုန်းလောက်ရဲ့ ဇစ်မြစ်က တိရစ္ဆာန်တွေပါ။ ဒါတွေက ဒေးဗစ်ရဲ့စာအုပ်မှာ ၂၀၁၃ က ဖော်ပြခဲ့ တာတွေပါ။ လောလောဆယ် ကပ်ဘေး ကနေ ပြန်ကြည့်တဲ့အခါ အားလုံးဟာ အဆက်အစပ်မိနေပါတယ်။

ဗိုင်းရပ်စ်အကြောင်းပြောမယ်ဆိုရင် ဂေဟဗေဒကို ဖယ်ထားလို့မရပါဘူး။ ဂေဟစနစ်အကြီးအသေး နေရာအားလုံး ကို လူသားရဲ့သက်ရောက်မှုက ရောက်ခဲ့ ပြီ။ သဘာ၀လောကဟာ အလျင်အမြန် ပြိုကွဲ လာနေတယ်။ ဒီနေရာမှာ မမြင်မိ ကြတာက သဘာ၀လောကဟာ မထင် မှတ်ထားတဲ့ ပုံစံတွေနဲ့ ပြောင်းလဲရပ်တည် ကြတာကိုပါ။ အရင်တုန်းက ဂေဟစနစ် တွေထဲမှာ အနှောင့်အယှက်မပေးဘဲရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ တည်ရာမှီရာ အသစ် ဖြစ်တဲ့ လူသတ္တဝါတွေဆီကို ရောက်လာ တယ်။ လူတွေဆီကို ရောက်လာတယ်ဆို တဲ့ စကားထက် လူတွေက ရောက်သွား တယ်လို့ ပြောရင်ပိုမှန်နိုင်ပါတယ်။ လူက လှုပ်ခါဖျက်ဆီးလိုက်တဲ့ ဇီ၀သစ်ပင်ပေါ် က ဗိုင်းရပ်စ်တွေဟာ လူဆီကိုပဲရောက် လာတယ်။

နေ့စဉ်အမျှတောရိုင်းသတ္တဝါတွေရဲ့ ခိုလှုံရာတွေ ပျက်စီးနေကြပါတယ်။ သစ်တောမရှိတဲ့အခါ တောထဲက လင်းနို့ ဟာ အိမ်နောက်ဖေးကသစ်ပင်ဆီရောက် လာပါတော့တယ်။ ဖြစ်ရပ်မှန်ဇာတ် ကြောင်းတစ်ခုမှာ အနောက်အာဖရိက ကလေးတစ်ယောက်ဟာ လင်းနို့လာခိုတဲ့ သစ်ပင်အောက်မှာ ဆော့ပါတယ်။ သစ်ပင်ကကြွေတဲ့အသီးကို သူကကောက် စားပါတယ်။ အဲဒီအသီးဟာ လင်းနို့ဆိတ် ထားတာ ဒါမှမဟုတ် လင်းနို့မစင်ကျထား တာရှိနေပါလိမ့်မယ်။

အဲဒီလို နည်းနဲ့ လင်းနို့မှာရှိတဲ့ မိုက်ခရုပ်ဟာ လူခန္ဓာ ထဲကို ရောက်ရှိပါတယ်။ အဲဒီ ၂ နှစ်သား ကလေးဟာ တိရစ္ဆာန်ကနေ လူဆီကို အီဘိုလာ လွင့်စင်ရောက်ရှိမှု (Spillover)ဖြစ်စဉ်ရဲ့ စမှတ်ပါ။

၁၉၉၁ မှာ ပင်ဆယ်ဗေးနီးယားပြည် နယ်ပမာဏရှိတဲ့ မိုးသစ်တောတွေကို အင်ဒိုနီးရှားမှာ မီးရှို့ရှင်းလင်းခဲ့ပါတယ်။ မီးခိုးတွေဟာ လေထဲမှ တိမ်တိုက်လိုရှိ နေခဲ့တယ်။ မီးခိုးမြူတွေကြားက သစ်ပင် တွေဟာ မိုးခေါင်တာနဲ့ပါရောပြီး အသီး မသီးတော့ပါဘူး။ ရလဒ်ကတော့ အဲဒီ သစ်ပင်တွေမှာနေတဲ့ လင်းနို့တွေဟာ အပြင်ကို အစာရှာထွက်ဖို့ကလွဲလို့ တခြား ရွေးစရာမရှိဖြစ်ခဲ့တာပါ။ လင်းနို့ဟာ သူနဲ့ အတူ ဗိုင်းရပ်စ်ကို သယ်ဆောင်သွား ပါတယ်။

သစ်သီးပင်တန်းမှာ လင်းနို့ တွေရောက်လာပြီး အခြေချလို့ မကြာခင် မှာပဲ အနီးအနားကဝက်တွေ ဖျားနာကြ တယ်။ ဝက်ကနေလူကိုကူးလို့ ၁၉၉၆ ရောက်တဲ့အခါ ပြင်းထန်ဦးနှောက်ယောင် လက္ခဏာတွေ လူ ၂၆၅ ယောက်လောက် ဖြစ်ပြီး ၁၀၅ ယောက်သေဆုံးပါတယ်။ အဲဒါဟာ နီပါဗိုင်းရပ်စ်(Nipah Virus)စကူးစက်ခဲ့တဲ့အခြေအနေပါ။ အခုထိ လည်း အရှေ့တောင်အာရှတစ်ခွင်မှာ ပြန်ပြန်ဖြစ်နေတာရှိပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ရောဂါနဲ့ ဂေဟဗေဒပညာရှင် (Disease Ecologist) ကတော့ သစ်တောပြုန်းတီးမှုနဲ့ ကူးစက်ရောဂါအဆက်အစပ်ဟာ သက်သေ ရှိပြီးသား နားလည်မှုပဲလို့ ပြောပါတယ်။

နှစ်စဉ် လူတစ်သောင်းလောက် သေနေတဲ့ ငှက်ဖျားဟာ ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ ပလပ်စ်မိုဒီယမ်ပါရာဆိုက် (Plasmodium parasite) ကြောင့် ဖြစ်ရ တာပါ။ သတင်းဆိုးက သစ်တောပြုန်းတီး မှုနဲ့ ငှက်ဖျားက ဆက်စပ်နေတာပါ။ ခြင်ခိုစရာ တောမရှိရင် ကောင်းတာပေါ့ လို့ပြောစရာရှိပါတယ်။ တကယ်တော့ သစ်တောပြုန်းပြီး အလင်းရောင်ပိုဝင် လာတဲ့ အခါမြေပြင်မှာ တစ်စိတ်တစ်ပိုင်း အရိပ်ရပြီး နွေးတဲ့ရေအိုင်လေးတွေ ပေါ် လာပါတယ်။ ဒါတော့ အနောဖလိခြင်တွေ ကြိုက်တဲ့ နေရာပေါ့။

ဘရာဇီးမှာ အရင်က ငှက်ဖျားဖြစ်တဲ့ လူနှစ်စဉ် ၆ သန်းလောက်ရှိရာကနေ ၁၉၄၀ ကျော်ကာလတွေမှာ ငါးသောင်း လောက်အထိ ကျလာတယ်။ ၁၉၆၀ ကျော်ကစလို့ ပြန်တက်လာလိုက်တာ ၂၁ ရာစုအစမှ တစ်နှစ်ကို လူခြောက်သိန်း လောက်အထိ ပြန်ဖြစ်လာပါတယ်။ ၂၀၀၃ ကနေ ၂၀၁၅ အထိ လေ့လာခဲ့တဲ့ သုတေသန မှာ သစ်တောပြုန်းတီးမှု ၁၀ ရာခိုင်နှုန်း တက်တိုင်း ငှက်ဖျားပမာဏ ၃ ရာခိုင်နှုန်း လောက်တက်လာတယ်လို့ တွေ့ပါတယ်။ အာဖရိကမှာထက်စာရင် အာရှနဲ့ တောင် အမေရိကမှာ ငှက်ဖျားနဲ့ တောပြုန်းမှု ပိုဆက်စပ်တယ်လို့ ဆိုပါတယ်။

အမေဇုံသစ်တောတွေ၊ မီးလောင်နေ တဲ့ အရှေ့တောင်အာရှက သစ်တောတွေ ပြုန်းပြီးနေတဲ့ ဒီနေ့ခေတ်ကိုကြည့်ပြီး ရှေ့မှာ ဘာတွေကြုံရမလဲလို့ ဆင်ခြင်စရာ ရှိပါတယ်။

အလားတူပါပဲ။ ဝက်စ်နိုင်းဗိုင်းရပ်စ် (West Nile) က အာဖရိကရွှေ့ပြောင်းငှက် တွေမှာ ရှိပါတယ်။ သူတို့ရဲ့ ကမ္ဘာ့တောင် နဲ့မြောက်နှစ်စဉ်ရွှေ့ပြောင်းပျံသန်းမှု ခရီး စဉ်အတွင်း မြောက်အမေရိကတိုက်မှာ ရပ်နားလေ့ရှိပါတယ်။ ဒီအလေ့အထက ရာစုနှစ်တွေနဲ့ချီပြီး ရှိနေတာပါ။ ဒါဆိုရင် ၁၉၉၆ ကျမှ အမေရိကန်မှာ ဝက်စ်နိုင်းဗိုင်းရပ်စ်(ဝက်စ်နိုင်းရောဂါ) ဆိုပြီးပေါ် လာသလဲ။ အဖြေကတော့ ဒေသခံငှက်အုပ် အတွင်းက အပြောင်းအလဲပဲဖြစ်ပါတယ်။ နှစ် ၂၀ အတွင်းမှာ အဲဒီနေရာတွေရဲ့ ငှက် မျိုးစုံလင်မှုက ၂၅ ရာခိုင်နှုန်းထိုးဆင်းသွားတယ်။ အဓိကအားဖြင့် သစ်တောက်ငှက်နဲ့ မယ်ညို ငှက်တွေနည်းသွားတယ်။ သူတို့က ဗိုင်းရပ်စ်ကပ်ဖို့ ခက်တဲ့ ငှက်မျိုး တွေ။ တပြိုင်နက်တည်းမှာ ခပ်ညံ့ညံ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်တဲ့ကျီးကန်း တွေ၊ သပိတ်လွယ်ငှက်တွေက များလာ တယ်။ သူတို့ဆီဗိုင်းရပ်စ်ရောက်သွားဖို့ က လွယ်ပါတယ်။ ဒါနဲ့ သူတို့ဟာ ဗိုင်းရပ်စ် သယ်ဆောင်တဲ့ ငှက်တွေဖြစ်လာတယ်။ သူတို့ကို ခြင်ကကိုက်၊ ခြင်ကလူကို ကိုက်ရာကနေ ဝက်စ်နိုင်းရောဂါ ဖြစ်လာ ပါတယ်။

လိုင်းရောဂါ(Lyme Disease) က လည်း အလားတူပုံစံပါပဲ။ အမေရိကန် အရှေ့မြောက်ပိုင်းက သစ်တောကြီးတွေမှာ ပိုဆန်(စွေ့ – Oppsum)တွေ၊ ရှဉ့် (Chipmunls)တွေ အပါအဝင် ဇီ၀ပဒေသာ ရှိခဲ့ ကြပါတယ်။ ရှဉ့်တို့ စွေ့တို့က ခွေးလှေး (မွှား)အရေအတွက်ကို ထိန်းပေးထား တယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ခြံဝန်းအိမ်ရာတွေကို တိုးချဲ့ကြတော့ သစ်တောက အကွက်လိုက်အပိုင်းပိုင်း ပြတ်လာတယ်။ စွေ့တွေရှဉ့်တွေလည်း နည်းလာတယ်။

များလာတာကတော့ ခြေထောက်ဖြူကြွက်နဲ့ သမင်တွေပဲ။ သူတို့က ခွေးလှေးတွေကို မရှင်းနိုင်ဘူး။ ကြွက်တစ်ကောင်ဟာ တစ်ပတ်လုံး ခွေးလှေး ၅၀ လောက်ကိုရှင်းနိုင်ပါတယ်။ စွေ့ကတော့ ရာပေါင်းများစွာကို ရှင်းနိုင် ပါတယ်။ ဒါပဲ မွှားဆီကပဲ လူတွေဆီကို လိုင်းရောဂါ ရောက်လာတယ်။
လိုင်းရောဂါကို နှစ် ၂၀ ကြာ သုတေသနလုပ်ခဲ့တဲ့ ပညာရှင် အောဇ်ဖဲလ် က အခုလိုပြောပြခဲ့တယ်။


“ဇီးကွက်တွေ၊ မြေခွေးတွေ၊ လင်းယုန် တွေ၊ ရှဉ့်တွေ စတဲ့ဇီးစုံလင်မှုဟာ ကြွက် အရေအတွက်ကို ထိန်းပေးတယ်။ ဌာနေ ဇီ၀ပဒေသာ ကျလာတာနဲ့ အတူ လိုင်း ရောဂါပမာဏ မြင့်လာတယ်။ ဒီနေရာမှာခွဲစိတ်ဖြတ်တောက်ခြင်းရဲ့ ပြဿနာ ကိုလည်း ထည့်ပြောရမှာပဲ။ သစ်တောကို ခြံစည်းရိုးတွေနဲ့ ပိုင်းပစ်လိုက်ရင် ဖြစ်လာ တာက သစ်တောကျွန်းဝိုင်း (Green Island)လေးတွေပဲ။ အပြသာရှိပေမယ့် သစ်တောရဲ့ စုံလင်ထိန်းညှိပေးနိုင်မှု ပါမလာတော့ဘူး။”

အိမ်ရာစီမံကိန်းစတဲ့ မြေယာအသုံးချ တဲ့ပုံစံ ပြောင်းလဲလာတာက ကပ်ရောဂါ ဘေးနဲ့ဆက်စပ်ကြောင်း မြင်ခဲ့ကြပါပြီ။ ခုထိလည်း ခေါင်းစဉ်မျိုးစုံနဲ့ ဌာနေလူမျိုး စုတွေရဲ့ သဘာ၀ရပ်ဝန်းတွေကို သိမ်းယူ နေကြ၊ စိတ်ပိုင်းဖြတ်တောက်နေကြဆဲပါ။ သာမန်အမြင်မှာတော့ တိရစ္ဆာန်တွေက ရန်မူသူတွေဖြစ်ပြီး လူက ဓားစာခံဖြစ် တယ်လို့ မြင်ကြပါတယ်။ ပိုးမွှားတွေထိုး ဖောက်ဝင်ရောက်လာပြီလို့ ပြောတတ်ကြ ပါတယ်။ လူသားတွေရဲ့ကျူးကျော်မှုကို မေ့ထားလို့မဖြစ်ပါဘူး။ လူသားတွေရဲ့ ကျူးကျော်မှုကြောင့် ဟန်ချက်ပျက်သွားတဲ့ ဂေဟစနစ်မှာ တိရစ္ဆာန်ကနေ လူကို ကူးစက်မှုကကျယ်ပြန့်လာနေဦးမှာပါ။

ဒေါက်တာမြင့်ဇော်

ဒေါက်တာမြင့်ဇော်ရေးသားသည့် “ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှလေ့လာခြင်း” စာအုပ်ကို အသံဖြင့်လည်း နားထောင်နိုင်ပါသည်။

အခန်း (၁) ကျုပ်တို့ ဖန်တီးတဲ့ ကပ်ရောဂေါ

အခန်း (၂) ကြိုမြင်ခဲ့တဲ့ ကပ်ဘေး