ကိုယ့်ရဲ့ ကမ္ဘာငယ်

0
473

အခုလို အခြေအနေမျိုးကို ဗြုန်းစား ကြီး ကြုံတွေ့ရလိမ့်မယ်လို့ အိပ်မက်ထဲ တောင် ထည့်မမက်ခဲ့ဖူးပါဘူး။

ကိုယ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းမှန် သမျှ ရပ်ဆိုင်းသွားတယ်။ ဝင်ငွေမရှိတော့ တဲ့ အခြေအနေကို ဗြုန်းဆိုပြီး ရောက်သွားတယ်။

အခုတော့ နဖူးတွေ့ဒူးတွေ့ ရုတ်တရက်ကြီး ကြုံလိုက်ရတော့ ဘာမှ မစဉ်းစားတတ် လောက်အောင်ပါပဲ။ ဘယ်လို ရှေ့ဆက် ရမယ်မှန်း မသိလောက်အောင်ပဲ ဘ၀ဟာ ဝေဝါးသွားတယ်။

အစပိုင်းတော့ ဖေ့စ်ဘုတ်ပေါ် နည်းနည်း ညည်းတွားမိတယ်။ နောက်ပိုင်း တော့ ဒါဟာကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိလာခဲ့ရတော့ မညည်းဖြစ်တော့ပါဘူး။

ဒီကပ်ဘေးကြီး ကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ရင်ဆိုင် ကျော်လွှားမလဲ၊ ကိုယ့်မိသားစုလေး ဘေးကင်းအောင် ဘယ်လို လိုက်နာဆောင် ရွက်ရမလဲပဲ တွေးနေမိတော့တယ်။

ကမ္ဘာကြီး နာမကျန်းဖြစ်နေချိန်မှာ ကိုယ့်ကမ္ဘာငယ်လေးကို လည်ပြန်ကြည့်ခွင့် ရခဲ့တယ်။
ပြီးတော့ စာပိုရေး ဖြစ်တယ်။

ကျန်တဲ့ မဖြစ်မနေ လိုအပ်တာမျိုး၊ လုပ်ရမှာမျိုးမဟုတ်တဲ့ အရေးကိစ္စတွေကို တတ်နိုင်သလောက် ဖြတ်တောက်၊ လျှော့ချ လိုက်တယ်။ ဖုန်းဘေလ်က လွဲရင်ပေါ့။ အရင် လက်ဖက်ရည်ဆိုင် သွားတဲ့အချိန် တွေမှာ Royal Myanmar Tea mix အထုပ် လေးက နေရာယူလာတယ်။

တစ်ထုပ်မှ တစ်ရာကျပ်ဆိုတော့ တန်လိုက်တာဗျာ။ အစစ်မှ ဟုတ်ရဲ့လားဆိုပြီး သံသယ ဝင်မိတဲ့အထိပါပဲ။ အရင်ကဆို မနက် လက်ဖက်ရည်ဆိုင် မထိုင်ရရင်ပဲ တာဝန် ကြီးတစ်ခု ပျက်ကွက်နေသလိုမျိုးနဲ့ နေမထိ ထိုင်မသာ။ အခုတော့ ကိုယ်တိုင်ဖျော် ကိုယ်တိုင်သောက်လေးနဲ့ အသားကိုကျလို့။

အခုဆိုရင် စကိုင်းနက်လိုင်စင်လေး တောင် သက်တမ်းမတိုးဖြစ်တော့ဘူး။ အခမဲ့ ကြည့်လို့ရတဲ့လိုင်းလေးတွေပဲ ကြည့်ဖြစ်တော့တယ်။ ဘာပြောပြော အရင်ကလို မြန်မာ့အသံနဲ့ မြ၀တီနဲ့ပဲ စခန်းသွားနေတာမျိုးမဟုတ်တော့ လွန်ခဲ့ တဲ့ ဆယ်စုနှစ်တွေကနဲ့စာရင်တော့ လိုင်း တွေ ရွေးချယ်စရာ အများကြီးပါ။ ဇာတ်ကားတွေလည်း မျိုးစုံလာနေတော့ မဆိုးဘူးဆိုရမှာပါပဲ။

ရုပ်ရှင်တွေက ကြည့်တတ်ရင် ကြည့် တတ်သလို တွေးဆစရာတွေ ရလေ့တော့ အခမဲ့လိုင်းလေးလည်း မဆိုးဘူးလို့ ဆိုရ မှာပေါ့။

။။ ။။ ။။

“အိမ်ထောင်ပြုတာဟာ ကမ္ဘာကြီး ထဲမှာ ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု ထပ်မံတည်ဆောက်ခြင်းနဲ့တူတယ်”တဲ့။

ဒီအပတ် ကြည့်ဖြစ်တဲ့ For my mother အိန္ဒိယရုပ်ရှင်ကားတစ်ကားမှာ မင်းသမီးပြောတဲ့ စကား။

ဟုတ်တာပေါ့။ ကျွန်တော့်မိသားစု က ကျွန်တော့် ကမ္ဘာငယ်လေးပေါ့။

သေချာပြန်တွေးကြည့်တော့ ကျွန်တော် ဟာ ကိုယ့်ရဲ့ကမ္ဘာငယ်လေးကို သေသေ ချာချာပြန်လှည့်မကြည့်ဖြစ်တာ အတော် ကြာခဲ့ပြီပဲ။

ရောဂါကပ်ဘေးကြောင့် ကိုယ်တိုင် အိမ်တွင်းအောင်းနေရတော့မှ ကိုယ့်ရဲ့ မဟေသီအပေါ် ပိုပြီးတော့ စာနာနားလည် မိလာတယ်။ ကိုယ်ဘာတွေ ပျက်ကွက် နေခဲ့သလဲဆိုတာကို မြင်လာတယ်။ သူများတွေလို အိမ်အပြင်ထွက် အလုပ် လုပ်နေတဲ့သူ မဟုတ်တော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတာကို သတိထား မိလာတယ်။ မနက်ဈေးသွားပြီးရင် အိမ်မှု ကိစ္စတွေနဲ့လုံးပမ်းရင်း အိမ်အပြင်မထွက် ဖြစ်တော့။ ဒီလိုအနေအထားမျိုးနဲ့ နေလာ ခဲ့တာ အိမ်ထောင်သက်တောင် လာမယ့် မေလ ၁၉ရက်နေ့ဆို ရှစ်နှစ်ပြည့်ပြီပဲ။

ကလေးနှစ်ယောက်ရဲ့ဝေယျာဝစ္စ၊ ယောက်ျားရဲ့ဝေယျာဝစ္စတွေနဲ့ လုံးပမ်း ရင်း၊ ကျွန်တော့အလုပ်ကို ကူရင်း နေအိမ် အကျယ်ချုပ် ကျမှန်းမသိကျနေခဲ့တာ ကြာရောပေါ့။ ကိုယ့်မဟေသီလိုမျိုး အိမ်ထောင်ရှင်မတွေ ဘယ်လောက်များ နေမလဲ မသိ။

ကြည့်စမ်း။ ကျွန်တော် ဘယ်လောက်များ သတိမဲ့ခဲ့သလဲ။

အခုချိန်မှာတော့ ကိုယ့်ရဲ့အတ္တတွေ ကို ပိုမြင်လာရတယ်။ မိတ်ဆွေအပေါင်း အသင်းတွေနဲ့ နေ့ညအချိန်မရွေး အပြင် ထွက် အချိန်ဖြုန်းသလောက် မိသားစု ကိုတော့ အိမ်မှာ ပိတ်လှောင်ထား သလိုမျိုး ဖြစ်စေခဲ့တယ်။ မိတ်ဆွေတွေနဲ့ နေ့ည မရွေး သွားနေပေမယ့် မိသားစုကို အပြင် လိုက်ပို့ဖို့အတွက်ဆို အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေက အမြဲ။

သူတို့မှာလည်း အပြင်ထွက်ချင်တဲ့ ဆန္ဒတော့ အနည်းနဲ့အများ ရှိကြမှာပေါ့။ ဒါကို ဘာလို့ အခုမှ ကျွန်တော်တွေးမိ တာပါလိမ့်။

ပြန်လည်တွေးဆရင်း ကျွန်တော့် ကမ္ဘာငယ်လေးအတွက် လုပ်စရာတွေ အများကြီး ပေါ်လာရဲ့။
ကိုဗစ်ကပ်ဘေးကြီးပြီးသွားရင်တော့ မိသားစုအတွက် သီးသန့်အချိန် မဖြစ်မနေ ဖယ်ထားဖို့ ဆုံးဖြတ်ထားပါတယ်။

အခုတော့ အိမ်မှုကိစ္စတွေမှာ ကူနိုင် သလောက် ဝင်ကူဖြစ်တယ်။ ကိုယ်စားချင် တဲ့ အစားအသောက်တွေကို ကိုယ့်ဘာသာ ကို ချက်စား ဖြစ်တယ်။ ဒါကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်လေ။ သူဘာစားချင်သလဲမေးပြီး ပြန်ချက်ကျွေး ဖို့လည်း စိတ်ကူးထားတယ်။ စိတ်ကူး ကြည့်တာနဲ့ကို ကြည်နူးစရာ။

မင်္ဂလာဆောင်တုန်းကရိုက်ထားတဲ့ မှတ်တမ်းခွေလေးတွေကို ကလေးတွေနဲ့ အတူ ပြန်ကြည့်ရင်း အတိတ်ကို ပြန်တူး ဆွ ဖြစ်တယ်။ ဒါကလည်း အချစ်တွေကို အသစ်ပြန်ဖြစ်စေနိုင်တဲ့ ဆေးတစ်ခွက် ပေါ့။ မိတ်ဆွေတို့ရော ပြန်ကြည့်ဖြစ်လား။ ကြည့်မယ်ဆိုရင် ကလေးတွေက အဲဒီအထဲ မှာ သူတို့ ဘာကြောင့်မပါတာလဲဆိုတဲ့ မေးခွန်းကို ပြန်ဖြေဖို့တော့ အရင်စဉ်းစား ထားပေါ့။

အရင်တုန်းက အတူမကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားလေးတွေကိုလည်း မိသားစုနဲ့ အတူ အချိန်ပေးပြီး ကြည့်ဖြစ်တယ်။ ကလေးတွေက သိချင်လို့မေးတဲ့ မေးခွန်း လေးတွေကိုလည်း အကျိုးသင့်အကြောင်း သင့် ပြန်ရှင်းပြ ဖြစ်တယ်။ ပုံပြင်လေးတွေ ပြောပြတယ်။

မခန့်မှန်းနိုင်တဲ့ ကိုဗစ်ကပ်ဘေး အခြေအနေက မိသားစုနဲ့အတူ တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီဖြစ်ဖြစ် အတူနေရ ခြင်းရဲ့ တန်ဖိုးကို သိလာတယ်။ ကိုယ့်ရဲ့ ရင်သွေးလေးတွေ အိပ်ပျော်နေရင်တောင် မအိပ်ဘဲနဲ့ တစ်စိမ့်စိမ့်ထိုင်ကြည့်နေမိတယ်။

ကိုယ်ဖန်တီးထားတဲ့ ကမ္ဘာလေးဟာ သေးချင်သေးမယ်၊ ကြီးချင်ကြီးမယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်ကိုယ်ပိုင်ကမ္ဘာပဲ။ ဒီကမ္ဘာလေး စိမ်းလမ်းစိုပြည်ပြီး သာသာ ယာယာနဲ့ နေချင့်စဖွယ်ဖြစ်အောင်ဖန်တီး ဖို့က ကိုယ့်မှာတာဝန် အပြည့်ရှိတယ်လို့ ဆင်ခြင်မိတယ်။

ဒါဟာ အရှုံးထဲက အမြတ်ပါပဲ။

ဒီလိုမှမဟုတ်ရင် ကိုယ့်ကမ္ဘာငယ် လေးရဲ့ အခြေအနေမှန်ကို သတိထားမိမှာ မဟုတ်ဘူး။ အခုတော့ သတိထားမိရုံမက သင်ခန်းစာတွေပါ အများကြီး ရလိုက်တယ်။ ရှေ့ဆက် ကိုယ့်ကမ္ဘာငယ်လေး ရေရှည်တည်တံ့နိုင်ဖို့အတွက် ရေတို၊ ရေရှည် အစီအစဉ်တွေ ချမှတ်ခွင့်ရခဲ့တယ်။

မိတ်ဆွေတို့ရော ကပ်ကြီးအတွင်းမှာ ဘာတွေ တွေးဖြစ်လဲ။

သန်းဇော်ဦး(ရလိုင်)