မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

0
762

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ အတိုးနှုန်း ၁ ရာခိုင်နှုန်း လျှော့ချခဲ့သည်။


ထို့နောက် မေလ ၁ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ၂ ရာခိုင်နှုန်း ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဘဏ်မှမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။


ထို့ကြောင့် ယခုနှစ်ချေးငွေအတွက် တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းသာ ဖြစ်မည်ဖြစ်သည်။
“ဗဟိုဘဏ်ကနေလည်း အတိုးနှုန်းက တစ်ဆင့်ချင်း တစ်ဆင့်ချင်း လျှော့လျှော့ပေးတာကိုး၊ အစ်မတို့ ဘဏ်တွေကလည်း တဖြည်းဖြည်းနဲ့ လျှော့လျှော့ပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ အခုဆို စချေးဖို့ လုပ်နေပြီ” ဟု ဒေါ်မိုးမိုးလွင်က ဆိုသည်။


ယခုနှစ် မိုးစပါးချေးငွေကို မေလဆန်းပိုင်းမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေဆပ်ကာလကို သီးနှံပေါ်ချိန်မှ ၂၀၂၁ ခုနှစ် မေ ၁၅ ရက်နေ့အထိ သတ်မှတ်ပေးထားကြောင်း ဒေါ်မိုးမိုးလွင်က ပြောသည်။


မိုးစပါးချေးငွေကို လယ် ၁ ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပြီး အများဆုံး ၁၀ ဧကအထိ ချေးနိုင်သည်ဟု သိရသည်။


ထို့အပြင် ပြီးခဲ့သည့်နှစ်က ထုတ်ချေးထားသည့် မိုးစပါးချေးငွေ နောက်ဆုံးပြန်ဆပ်ရမည့်ရက်ကို ဧပြီလ ၁၅ ရက် အစား မေလ ၁၅ ရက်အထိ ပြင်ဆင်သတ်မှတ်ပေးထားသည်။