ကိုဗစ်ကာလ ထောက်ပံ့မည့် ကြက်သွန်နီနှင့် ဆီပုံးများ ပျောက်ဆုံး

0
461

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်ကပ်ဘေးကာလအတွင်း ပြည်သူကိုဝေမည့် ကြက်သွန်နီအိတ်နှင့် ဆီပုံးများ ဧပြီလ ၂၇ ရက်နေ့က ပျောက်ဆုံးသွားကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ဖြစ်စဉ်မှာ ဘုတ်ပြင်းမြို့နယ် အားကစားခန်းမအတွင်း သိုလှောင်ထားသည့် ဆန်၊ ကြက်သွန်၊ ပဲ၊ ဆီ စသည့် ပစ္စည်းများအနက် ၁၀ ပိဿာဆံ့ စားအုန်းဆီ ပုံး ၂ လုံးနှင့် ပိဿာ ၃၀ ဆံ့ ကြက်သွန်နီ နှစ်အိတ်ပျောက်ဆုံးနေကြောင်း မြို့နယ်အား/ကာမှူးက ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


သိုလှောင်ထားသည့် အဆိုပါပစ္စည်းများမှာ ကိုဗစ်နိုင်တီးထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အများပြည်သူသို့ ဝေငှမည့်ပစ္စည်းများဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


အဆိုပါ ပစ္စည်းများခိုးယူသွားသူကို ဖော်ထုတ်အရေးယူပေးရန်တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။