ကော့သောင်း KDDPC အရပ်သုံး မီတာများဆယ်ယူနစ် အခမဲ့

0
460

ကော့သောင်းမြို့တွင် KDDPC ကုမ္ပဏီမှ လျှပ်စစ်မီးပေးနေသည့် အိမ်သုံးမီတာများတွင် ဧပြီလအတွက်မီတာခ ဆယ်ယူနစ်စာလျှော့ပေးသွားမည်ဖြစ်ကြောင်း KDDPC ၏အတွင်းရေးမှူး ဦးမင်းလွင်က ပြောသည်။


KDDPC (ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်) သည် ကော့သောင်းမြို့၏သုံးပုံ နှစ်ပုံခန့်ကို လျှပ်စစ်မီးဖြန့်ဖြူးလျက်ရှိသည်။


ကိုဗစ်ရောဂါကပ်ဆိုက်နေသည့် ကာလတွင် အခြေခံလူတန်းစားအရပ်သားများသက်သာချောင်ချိရေးအတွက်ရည်ရွယ်ကာ ယင်းသို့ဆယ်ယူနစ်စာအခမဲ့ သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဦးမင်းလွင်က ပြောသည်။


ထိုသို့ဆယ်ယူနစ်စာ လျှော့ပေးသည့်အပြင် ယခင်မတ်လအတွက် တစ်ယူနစ်ကို ၃၈၀ ကျပ်နှုန်းကောက်ခံနေရာမှ ယခုဧပြီလအတွက် ၃၃၀ ကျပ်နှုန်းသာ ကောက်ခံသွားမည်ဟု ခရိုင် စီမံခန့်ခွဲရေးကော်မတီသို့တင်ပြထားပြီးဖြစ်ကြောင်း ဦးမင်းလွင်က ပြောသည်။


ကော့သောင်းမြို့ခံတစ်ဦးကမူ ယင်းသို့ဆယ်ယူနစ်စာ လျှော့ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ယခုကဲ့သို့ဆီဈေးကျနေသည့် ကာလအတွင်း တစ်ယူနစ်နှုန်းထားကို ၃၃၀ အစား ၃၀ဝကျပ်ခန့်သာကောက်ခံသင့်ကြောင်း ပြောသည်။


ကော့သောင်းမြို့၏ ၃ ပုံ ၁ ပုံခန့် နှင့် ခမောက်ကြီးမြို့တို့ကို မီးပေးနေသည့် ဖိုးသီးချိုကုမ္ပဏီကမူ ယခင်က တစ်ယူနစ် ၁၀ ဘတ်ကောက်ခံခဲ့ပြီး ယခုလတွင် ၉ ဘတ်သို့ လျှော့ချထားကြောင်း ကုမ္ပဏီတာဝန်ရှိသူကဆိုသည်။


အိမ်သုံးမီတာများအတွက် သီးခြားစဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။