ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း တစ်လ ထပ်ရွှေ့

0
990

လူစုလူဝေး မဖြစ်စေရန်အတွက် ကလေးများကို ထိုးနှံပေးနေသည့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို နောက်တစ်လထပ်ရွှေ့ဆိုင်းလိုက်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအဖွဲ့ထံမှသိရသည်။


ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အလေးပေးဆောင်ရွက်ရန်အတွက် ဧပြီလတွင်ထိုးနှံရမည့် ကာကွယ်ဆေးကို မေလသို့ရွှေ့ဆိုင်းပြီးနောက် ယခုတစ်ဖန် ဇွန်လသို့ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
“အဓိကကတော့ လူစုလူဝေးကို ရှောင်ချင်လို့။ ဇွန်လကို ယာယီရွှေ့လိုက် တာပေါ့နော်”ဟု အထက်ပါ အဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။


ပုံမှန်ကာကွယ်ဆေးအုပ်စုတွင် ဆုံဆို့ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသည်းရောင်အသားဝါ၊ ရိုတာဗိုင်းရပ် ကြောင့်ဖြစ်ပွားသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ စသည်တို့ ပါဝင်သည်။


အထက်ပါ ပုံမှန်ကာကွယ်ဆေးများကို မွေးကင်းစ၊ အသက်နှစ်လ၊ လေးလ၊ ခြောက်လ၊ တစ်နှစ်ခွဲအရွယ် ကလေးများအား ကျေးရွာများတွင် တာဝန်ကျနေသည့် ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ထိုးနှံပေးခြင်း ဖြစ်သည်။


ဆေးရုံတွင်မွေးဖွားသည့် ကလေးများကိုမှု အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး၊ အပြင်းထန်တီဘီရောဂါနှင့် ဦးနှောက် တီဘီရောဂါတို့ကို ကာကွယ်ပေးသည့် BCG ကာကွယ်ဆေးနှစ်မျိုးကို ပုံမှန်ထိုးနှံပေးနေကြောင်း ၎င်းက ပြောသည်။


တနင်္သာရီတိုင်းတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနေသည့် ကလေးသုံးထောင်ခန့်ရှိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့ထံမှ သိရသည်။

ကျော်သူစိုး