လူငယ်နှင့်မှုခင်း

0
456

လူငယ်တရားရေးကဏ္ဍနှင့် စပ်လျဉ်း သည့် သုတေသနများကို ရှာဖွေလေ့လာ ကြည့်ရာ ထိုသုတေသနများတွင် မှုခင်းနှင့် နှီးနွှယ်ဆက်စပ်နိုင်သော (ဝါ) ဥပဒေနှင့် ငြိစွန်းနိုင်ခြေမြင့်သည့် လူငယ်များအတွက် ပိုမိုကောင်းမွန်သော မှုခင်းတားဆီးရေး အစီအမံများချမှတ်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည့် သိပ္ပံနည်းကျ လေ့လာ အတည်ပြုထားသော သတင်းအချက် အလက်များကို ဖော်ပြထားရာ မည်သို့ သော လူငယ်မျိုးသည် ပြစ်မှုကျူးလွန်နိုင် ချေရှိသနည်း။

မည့်သည့်အရာများက လူငယ်များကို ပြစ်မှုကျူးလွန်ရန် တွန်း အား (သို့) အဆီးအတား ဖြစ်စေသနည်း ဆိုသည့် မှုခင်းဖြစ်ရခြင်း အကြောင်း အရင်းများကို ပိုမိုသိရှိလာရပေသည်။

ဤသို့မှုခင်းဖြစ်နိုင်ခြေရှိသည့် အကြောင်းအရင်းများကို ပို၍တိတိကျကျ သိရှိရလျှင် မှုခင်းတားဆီး ကာကွယ်ရေး အတွက်သုံးရသော နိုင်ငံ့ဘဏ္ဍာငွေကို တစ်ပြားတစ်ကျပ်မှ စ၍ အလေအလွင့်မရှိ ပို၍ထိရောက်စွာ သုံးလာနိုင်မည်ဖြစ် သလို မှုခင်းတားဆီးရေး စီမံဆောင်ရွက် ချက်များကိုလည်း ပို၍ထိရောက်စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။

သုတေသနများက ထောက်ပြသော အရေးကြီးသည့်အရာတစ်ခုမှာ မူတစ်ခု၊ စနစ်တစ်ခု၊ ဥပဒေတစ်ခုသည် နေရာ တိုင်း၌ကျင့်သုံးရန် အဆင်မပြေနိုင် ဟူ၍ ဖြစ်သည်။ မတူကွဲပြားသော လူငယ် မှုခင်းများ၊ မှုခင်းဖြစ်ရခြင်း အကြောင်း ရင်းခံများရှိသည့် အားလျော်စွာ ထိုအခြေ အနေအရပ်ရပ်ကို ထောက်ချင့်၍ လိုအပ်သော မှုခင်းတားဆီးရေး မူဘောင်၊ လုပ်ငန်းစဉ်များကို ချမှတ်လုပ်ဆောင် နိုင်မှသာ ထိရောက်နိုင်ပေမည်။

အဘယ်ကြောင့်လူငယ်အချို့ပြစ်မှုကျူးလွန်ရသနည်း၊ အဘယ်ကြောင့် တချို့မကျူးလွန်သနည်း။ ဤအကြောင်း အရာများကို သုတသနပြု၍ အသေအချာ ဖွေရှာ အဖြေထုတ်ရာတွင် လူငယ်တစ်ဦး အဖို့ ပြစ်မှုကျူးလွန်ရန် တွန်းအား သို့မဟုတ် အဆီးအတား ဖြစ်စေမည့် ကဏ္ဍများကို သိရှိလာရပေသည်။ ယင်း တို့မှာ ပတ်ဝန်းကျင်၊ လူမှုရေး၊ မွေးရာပါ ဗီဇနှင့် ဆိုင်သော ကဏ္ဍများဖြစ်ကြ၏။ ပြစ်မှုကျူးလွန်သော လူငယ်များကို ယေဘုယျအားဖြင့် နှစ်မျိုးခွဲနိုင်သည်။

မွေးကံ ဗီဇအရ လက်ယဉ်လာသူ

မွေးကံသည်ရွေး၍မရဟု ဆိုကြပါ သည်။ ယင်းမှာ မိမိမွေးဖွားကြီးပြင်းရ သော မိသားစု အသိုင်းအဝိုင်းကို စိတ် ကြိုက်ရွေး၍မရသည့် သဘောကိုဆိုလို ခြင်းပင်း။ လူငယ်တစ်ဦးအဖို့ ကြီးပြင်း လာရသော မိသားစု၏ အခြေအနေအပေါ် မူတည်ကာ စိတ်နေစိတ်ထား၊ အမူအကျင့် များရှိသည်ကို လက်ခံရပါမည်။ တချို့ သော လူငယ်လေးများသည် မိသားစု ပြဿနာများ၊ အိမ်တွင်းအကြမ်းဖက်ခံရ မှုများ၊ မိဘများ၏တော်တည့် မှန်ကန် သော ဆုံးမပဲ့ပြင်မှုများနှင့်ဂရု စိုက်မှုများ ကို မရခဲ့ခြင်း၊ အလွန်အမင်း ဆင်းရဲခြင်း အစရှိသော အခြေအနေဆိုးများ၏ လွှမ်းမိုး မှုခံရသဖြင့် စိတ်ဒဏ်ရာရရှိတတ်ကာ ရန်လိုတတ်သော၊ လက်တုန့်ပြန်တတ် သော၊ အကြမ်းဖက်တတ်သော သူများ ဖြစ်လာနိုင်ပါသည်။

ထို့အပြင်ထိုသို့သော လူငယ်များ၏ စိတ်ခံစားမှုများတွင် အတ္တဆန်သော၊ မိမိတို့ လုပ်ရပ်ဆိုးများ အတွက် အပြစ်မရှိဟု ယုံကြည်သော၊ ပြစ်မှုတစ်ခု၊ လုပ်ရပ်တစ်ခု၏ အကျိုး ဆက်ကို မတွေးဆတတ်သော စသည့်စိတ်အခြေအနေမျိုးရှိနိုင်သည်ဟု ဆိုပါသည်။

နယူးဇီလန်နိုင်ငံ၏လူငယ် တရားရုံး၏ မှတ်တမ်းများအရဆိုလျှင် ဤသို့သော မွေးကံဗီဇအရ လက်ယဉ် သည့် လူငယ်များ၏ ၈၀ ရာခိုင်နှုန်းမှာ ယောက်ျားလေးများ ဖြစ်သည်ဟု ဆိုသည်။

အများစုမှာ ကျောင်းပညာရေး မပြည့်စုံခဲ့ခြင်း၊ အရက်မူးယစ်ဆေးဝါး နှင့်ဆက်စပ်သော ပြဿနာများနှင့် ငြိစွန်းနေသော လူငယ်များဖြစ်သည်။ ထိုလူငယ်အများစုတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိသည်ကို အတွေ့ရများပေသည်။

မြီးကောင်ပေါက် လက်တည့်စမ်းသူများ

ဤအုပ်စုဝင် လူငယ်များသည် လူငယ်မှုခင်းများ၏ ၈၀ ရာခိုင်နှုန်းလောက် ရှိသည်။ ဤလူငယ်များသည် ငယ်စဉ်ကလေးဘ၀က ကောင်းမွန်သော အပြုအမူများ ရှိခဲ့သူများဖြစ်သည်။ သို့ရာတွင် ကိုယ်ခန္ဓာနှင့် စိတ် ပိုင်းဆိုင် ရာ ပြောင်းလဲလာသည့် မြီးကောင်ပေါက် (ဆယ်ကျော်သက်) အရွယ်တွင် အခြား ဆိုးသွမ်းလူငယ်များ (သို့) အကျင့်စာရိတ္တ ပျက်ပြားသူများနှင့် ဆက်သွယ်မိခြင်း၊ ထိုသူတို့၏ လွှမ်းမိုးမှုခံရခြင်း စသည် တို့ကြောင့် ဥပဒေနှင့် ငြိစွန်းသည့် အရာ များကို လက်တည့် စမ်းသူများဖြစ်လာ ကြပြီး ပြစ်မှုကျူးလွန်မိလာကြသည်။

ဥပမာ မူးယစ်ဆေးသုံးစွဲခြင်း၊ ဖြန့်ဖြူး ခြင်း၊ အုပ်စုဖွဲ့ ရမ်းကားခြင်း၊ တိုက်ခိုက် ခြင်းမျိုးသည် အပေါင်းအဖော်နှင့် အဆက် အသွယ်မရှိဘဲ ဖြစ်နိုင်ရန်ခဲယဉ်းသော အရာများဖြစ်သည်။
လူငယ်များကို ပြစ်မှုကျူးလွန်မိ စေရန် မည်သည့်အရာများက တွန်းအား ဖြစ်စေသနည်း ဆိုသည်ကို လေ့လာကြည့် သောအခါ ကဏ္ဍငါးရပ်ကို တွေ့ရသည်။ ယင်းတို့မှာ ပင်ကိုဗီဇ၊ မိသားစု၊ ကျောင်း (သို့) လုပ်ငန်းခွင်၊ အပေါင်းအသင်း မိတ်ဆွေများနှင့် ဇီ၀ကမ္မဖြစ်စဉ် အပြောင်းအလဲတို့ဖြစ်သည်။

ပင်ကိုဗီဇသည် ကလေးငယ်တစ် ဦးမွေးရာပါစိတ်နေစိတ်ထားဟု ယေဘုယျ ပြောနိုင်သည်။ အချို့သော ကလေးငယ် များမှာ ငယ်စဉ်ကပင် ကိုယ်နှုတ် ကြမ်း တမ်းသော အမူအရာများပြသည်။ ရန်လို ခြင်း၊ လက်ယဉ်ခြင်း၊ ဆုံးမပဲ့ပြင်မှုကို မနာခံခြင်း၊ စည်းကမ်းဖောက်ခြင်းစသည့် အပြုအမူများရှိကာ သူနှင့် အတူနေသူများ ကို ကိုယ်စိတ်ဒုက္ခ ပေးတတ်သည်။ ထိုသို့သော ကလေးအများစုသည် မွေးကံ ဗီဇအရ လက်ယဉ်သူများဖြစ်လာ ကြပေသည်။

မိသားစုသည် ကလေးငယ် တစ် ယောက်အဖို့ အရေးကြီးသော နေရာဖြစ်သည်။ ကလေးငယ်တစ်ဦး အနာဂတ် တွင် လူကောင်းတယောက်ဖြစ်လာမည်၊ (သို့) ဆိုးသွမ်းသောကလေး၊ လူငယ်ဖြစ် လာမည်ကို မိသားစုက များစွာပုံဖော် ပေးနိုင်သည်။

မိဘများက ကလေးငယ်များ အတွက် တော်တည့်မှန်ကန်သော ပြုစု စောင့်ရှောက်မှုရှိခြင်း၊ ပညာသင်ပေးခြင်း၊ ယဉ်ကျေးလိမ္မာစေခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် သင်ပေးကြားပေး ခြင်းဖြင့် ကလေးများသည် လူရည်မွန် ကလေးများဖြစ်လာနိုင်သကဲ့သို့ ကလေး များကို ပြင်းစွာ ရိုက်နှက်ဆုံးမလေ့ရှိခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများရှိခြင်း၊ ကလေးများကို လျစ်လျူရှုထားခြင်း၊ မူးယစ်ရမ်းကားခြင်း အစရှိသည့် မိဘ တို့၏ အပြုအမူ အကျင့်စရိုက်များသည် လည်း ကလေးတို့အဖို့ စိတ်ဒဏ်ရာ ရနိုင်သလို အတုယူစရာလည်းဖြစ်လာ နိုင်သည်။

ဆင်းရဲလွန်းလှသဖြင့် ကလေး များကို ကျောင်းမထားနိုင်ခြင်း၊ပညာ ရပ်ကောင်းတစ်ခုခုမသင်ပေးနိုင်ခြင်း သည်လည်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။

ထိုထိုသော မိသားစု အခြေ အနေများအပေါ်မူတည်၍ ကလေးများ သည် အနာဂတ်တွင် ဥပဒေကို လေးစား လိုက်နာသူ (သို့) ဖောက်ဖျက်ကျူးလွန် သူဖြစ်လာတတ်ပေသည်။

ပညာရေးဘက်တွင် အားနည်းခြင်း သည်လည်း လူငယ်များ၏ ဥပဒေချိုးဖောက်မှုများနှင့်သက်ဆိုင်နေသည်။ ကျောင်းပညာရေး (သို့) အသက်မွေး ပညာရပ်တစ်ခုခု မတတ်မြောက်ခြင်းနှင့် လူငယ်မှုခင်းများ ဆက်စပ်နေသည်ဟုဆို၏။

ကျောင်းများသည် လူငယ်များ၏ ဘ၀တွင် မိမိတို့လှမ်းချင်သည့် ပန်းတိုင် သို့ ရောက်စေရန်၊ အောင်မြင်ပျော်ရွှင်မှု များရစေရန် လိုအပ်သော ပညာရပ် ဆိုင်ရာ ပံ့ပိုးမှုများ ပေးသည်သာမက နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်လာစေရန် အများနှင့် သဟဇာတ ဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံတတ်ရန်လည်း အရေးပါသည့် ကဏ္ဍတွင်ရှိနေသည်။ ကျောင်းပညာရေးနှင့် ဝေးသော လူငယ် များသည် ပြစ်မှုကျူးလွန်နိုင်ခြေများသည် ဟု ယေဘုယျဆိုနိုင်သော်လည်း ကျောင်း ပညာရေးမရခဲ့၍ ပြစ်မှုကျူးလွန်သည်ဟု တစ်ထစ်ချ ကောက်ချက်ချရန် မသင့်ပေ။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ လေ့လာ မှုတစ်ခု၏ အဆိုအရ ကျောင်းပညာရေး တွင် မည်မျှထူးချွန်သည်ဆိုသည်ထက် အခြားသူများနှင့်မည်မျှ ပူးပေါင်း ဆောင်ရွက်တတ်သည်ဆိုသည်က လူငယ် တစ်ဦးအတွက် ပြစ်မှုကျူးလွန်နိုင်ခြေ အပေါ် ပို၍သက်ရောက်မှုရှိသည်ဟု သိရှိ ရပေသည်။

အပေါင်းအသင်းမိတ်ဆွေများ၏ ကောင်းခြင်း ဆိုးခြင်းသည်လည်း လူ တစ်ဦးအပေါ်အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးမှုရှိပေသည်။ လူငယ်အရွယ် အများစုမှာ အပေါင်းအသင်းမိတ်ဆွေ များကို ခုံမင်အလေးထားသည့်အလျောက် အကျင့်စာရိတ္တမကောင်းသော ဆိုးသွမ်း လူငယ်များနှင့် ပေါင်းသင်းမိသွားလျှင် အများနည်းတူ ပြစ်မှုကျူးလွန်နိုင်ခြေများ လာတတ်ပါသည်။

အထူးသဖြင့် အရာရာ ကို စူးစမ်းလုပ်ဆောင်ချင်တတ်သော မြီးကောင်ပေါက်အရွယ် လူငယ်ကလေးများသည် အတွေ့အကြုံရင့်သော ဆိုးသွမ်း သူများနှင့် ပေါင်းသင်းမိလျှင် အလွယ်ပင် ပြစ်မှုကျူးလွန်တတ်ပေသည်။ လူငယ် တစ်ဦး မူးယစ်ဆေးဝါးသုံးခြင်း၊ လောင်း ကစားလုပ်ခြင်းမျိုးမှာ အပေါင်းအသင်း များနှင့် များစွာ သက်ဆိုင်လုပ်ရပ်မျိုးဖြစ် ကာ ထိုလုပ်ရပ်များအတွက် လိုအပ်သော ငွေရရန် ပြစ်မှုကျူးလွန်ခြင်းမျိုးသည် လည်း အတွေ့ရများပေ၏။

ဇီ၀ကမ္မဖြစ်စဉ်အပြောင်းအလဲများ ကြောင့်လည်း ပြစ်မှုကျူးလွန်နိုင်ခြေရှိသည်ဟုဆိုသော ယူဆချက်တစ်ရပ် လည်းရှိသည်။ သို့ရာတွင် ထိုဖြစ်စဉ် သည် ရှုပ်ထွေးနက်နဲသော ယူဆချက် များ၊ ဆေးပညာရပ်ဆိုင်ရာများကြောင့် နည်းလည်ရန် ခက်ခဲဆဲပင်ဖြစ်သည်။ ဟိုမုန်းဓာတ်များအကြား သဟဇာတ မဖြစ်ခြင်းကြောင့် ဦးနှောက်၏ လုပ်ငန်း ဆောင်တာများကို ထိခိုက်ကာ စိတ်မကျန်းမာရခြင်းမျိုးဖြစ်တတ်ပြီး စိတ် အခန့်မသင့်ဖြစ်ကာ ပြစ်မှုကျူးလွန်တတ် သည်ဟု ဆိုပါသည်။ ဤဇီ၀ ကမ္မဖြစ်စဉ်၊ ဗီဇနှင့် မှုခင်းများအကြားဆက်နွယ်မှု သည် သုတေသနပြုရန် စိတ်ဝင်စားဖွယ် ကောင်းသော အကြောင်းအရာဖြစ်နေဆဲ ပင်။ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုမမှန် ခြင်းပြဿနာသည် လူငယ်တရားရုံးများ တွင် အတွေ့ရများသော ကိစ္စတစ်ခု ဖြစ်သည်။

ရုံးတော်သို့ မရောက်နှင့်မီ ကပင် အမျိုးမျိုးသော စိတ်ကျန်းမာရေး ပြဿနာများ အထူးသဖြင့် စိုးရိမ်စိတ် လွန်ကဲခြင်း၊ စိတ်ဓာတ်ကျလွန်းခြင်း မှသည် ကယောင်ချောက်ချား မှောက်မှား ထင်မြင်တတ်သည့် စိတ်ဝေဒနာမျိုး ရှိနေသည့် လူငယ်များသည် ပြစ်မှုကျူးလွန် သော လူငယ်များအဖြစ် ရုံးတော်သို့ ရောက်လာတတ်ကြပါသည်။ တချို့သော မှုခင်းများသည် စိတ်ဝေဒနာကြောင့် ဖြစ်ကြောင်း ထင်ရှားပေါ်လွင်လေ့ရှိပါ သည်။ ပင်ကိုဗီဇလက်ယဉ်သည့် လူငယ်များတွင်လည်းကောင်း၊ လက် တည့်စမ်းတတ်သည့်လူငယ်များတွင် လည်းကောင်း စိတ်မမာမှုများရှိနေတတ် ပေသည်။

လူငယ်မှုခင်းများတားဆီးရေးတွင် အထက်ပါကဏ္ဍ ငါးရပ်သည် အရေးကြီး ပေသည်။ လူငယ်တစ်ဦးအတွက် လုံခြုံ သော မေတ္တာထုံမွှမ်းသော တော်တည့် မှန်ကန်စွာ ပြုစုစောင့်ရှောက်သော မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ သင့်တင့်သော ပညာရေးနှင့် မိတ်ကောင်း ဆွေသဟာများ ဝန်းရံထားလျှင် နောင် တွင် လူရည်မွန်ဖြစ်လာမည်ဟု ယေဘုယျ ပြောနိုင်ပေသည်။ ထို့ကြောင့် မှုခင်း တားဆီးရေးတွင် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍမှာ အင်မတန် အရေးကြီး ပေသည်။ မှုခင်းတားဆီးရေးသည် အုပ်ချုပ်ရေးဆိုင်ရာဌာနများကသာ လုပ်ဆောင်ရမည့် အရာမဟုတ်ဟု သုတေသနများက ထင်ရှားစေခဲ့လေပြီ။ မိသားစု၊ ပတ်ဝန်းကျင်၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီး၏ ကြိုးပမ်း ဆောင်ရွက်မှုများသည်လည်း လူငယ်များ အတွက် ရာဇဝတ်ဘေးမှ လွတ်အောင် လမ်းညွှန်ပဲ့ပြင် ဆုံးမသွန်သင်သော အရာများ ဖြစ်နိုင်ပေသည်။

နယူးဇီလန်နိုင်ငံ လူငယ်တရားရုံးတော် တရားသူကြီးချုပ် အင်ဒရူး ဘီခရော့ဖ်ထ် ၏ What causes Youth Crime, and What We Can Do About It? (Becroft, 2009)ဆွေးနွေးချက်ကို ဆီလျော်အောင် ပြန်ဆိုသည်။

Dawei Watch