မွန်ပြည်နယ် မြို့နယ်အားလုံးနီးပါး သောက်သုံးရေ အခက်အခဲဖြစ်နေ

0
428

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဆယ်မြို့နယ်စလုံးနီးပါးတို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ရေလိုက်လံဖြန့်ဝေပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။


မတ်လဆန်းမှစကာ ပင်လယ်နှင့်နီးသည့် မြို့နယ်အချို့တို့တွင် ရေပြတ်လပ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဧပြီလတတိယပတ်တွင် မြို့နယ် ၁၀ မြို့နယ်လုံးရှိ ကျေးရွာအများစုတို့တွင် ရေပြတ်လပ်ကာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။


“ဒီနှစ်ကတော့ ရေတော်တော်လေးကို ခမ်းကုန်တယ်။ ခါတိုင်းနှစ်တွေ ရေခမ်းတယ်ပြောပေမယ့် ကိုယ့်ရေတွင်းနဲ့ ကိုယ့်အိမ်နဲ့ သုံးလို့လောက်တဲ့ အနေအထားရှိတယ်။ ဒီနှစ်ကတော့ မရဘူး။ သင်္ကြန်ပြီးတော့ ရေက လုံးဝမရှိတော့ဘူး” ဟု မုဒုံမြို့နယ်မှ ကိုထွန်းလင်းက ပြော သည်။


ပြည်နယ်အတွင်းရှိ မုဒုံ၊ သံဖြူ ဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို အစရှိသည့် မြို့နယ်အတွင်းရှိ ကျေးရွာအများစုတို့တွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အများစုမှာ ရေကိုဝယ်သုံးနေရသည်ဟု ဒေသခံတို့က ပြောသည်။


ရေဝယ်သုံးနေရသည့်ကျေးရွာတို့တွင် ရေအနည်းအများပေါ်မူတည်ပြီး မော်တော်ယာဉ်ဖြင့် တစ်ခေါက်သယ်လျှင် ကျပ် ၅၀ဝ၀ မှ ကျပ် ၁၀ဝဝဝ ကြား ပေးနေရသည်ဟု ဒေသခံတို့က ပြောသည်။


“သောက်သုံးရေရှားပါးတဲ့ရွာတွေအတွက် ရေသယ်ယာဉ်တွေနဲ့ ဝိုင်းဝန်း ပို့ဆောင်ကူညီပေးနေသလို ရေရှည်စိတ်ချရဖို့ ရေထွက်ရှိတဲ့နေရာကနေ သွယ်တန်းရယူဖို့လည်း စီစဉ်ပေးနေပါတယ်”ဟု ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံသို့ ရေအခက်အခဲ ဖြစ်ပွားနေသည်ဟု တင်ပြလာသည့် သထုံ၊ ဘီးလင်း၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာတို့တွင် ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု မွန်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။


၎င်းပြင် သောက်သုံးရေပြတ်လပ်ပြီး ရေအခက်အခဲ ဖြစ်ပွားလာပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးဌာနသို့ အကူအညီတောင်းခံနိုင်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေပြတ်လပ်မှုဖြစ်လျှင် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားသည်ဟု ပြောသည်။


ထိုအတူ ရေအခက်အခဲဖြစ်ပွားလာပါက သက်ဆိုင်ရာ စည်ပင်၊ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့များထံသို့လည်း အကူအညီတောင်းခံနိုင်သည့်အပြင် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများကလည်း ရေအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။


လက်ရှိတွင် သောက်သုံးရေ အခက်အခဲဖြစ်ပွားနေသည့် ကျေးရွာများသို့ မွန်ညီညွတ်ရေးပါတီ၊ မွန်လူငယ်အဖွဲ့ တို့အပြင် မီးသတ်တပ်ဖွဲ့၊ လူမှုအဖွဲ့ အစည်းနှင့် ပရဟိတအဖွဲ့အစည်းတို့ကရေများ ရေလိုက်လံဖြန့်ဝေပေးလျက် ရှိသည်။