ကော့သောင်းတွင် ညမထွက်ရ အမိန့် အပြစ်ပေးခံရသူမရှိသေး

0
431

ကော့သောင်းမြို့နယ်အတွင်းညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်မှုကြောင့် အရေးယူအပြစ်ပေးခံရသူမရှိသေးကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။


Covid ၁၉ ရောဂါသည်အများ ပြည်သူတို့၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကိုထိခိုက်စေသည့်အပြင် အသက်အန္တရာယ်သေဆုံးသည်အထိဖြစ်ပွားနိုင်သဖြင့် ကော့သောင်းမြို့နယ် သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းများကိုည ၁၀နာရီမှ နံနက် ၄ နာရီအတွင်း မပြုလုပ်ကြရန် အမိန့်ထုတ်ပြန်ထားသည်။


မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊စိုးရိမ်ဖွယ်ရာကျန်းမာရေးကိစ္စဖြင့်သွားလာရခြင်းများမှအပ ပြည်သူများမှတိကျစွာလိုက်နာကြရန်နှင့်လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရအရေးယူခံရမည်ဟု ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီလ၂၁ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ယင်းသို့အမိန့်ထုတ်ပြီး နောက်တစ်ရက်နှစ်ရက်အတွင်း ၎င်းအမိန့်ထုတ်ထားသည်ကိုမသိရှိဘဲ ည၁၀နာရီကျော်ပြီးမှ ဥယျာဉ်ခြံများမှပြန်လာသူ အနည်းငယ်ကိုသာပညာပေးခြင်း၊ အသိပေးခြင်းတို့ပြုခဲ့ရပြီး နောက်ပိုင်းတွင် အမိန့်ဖောက်ဖျက်ကျူးလွန်၍ အရေးယူခံရသူမရှိသေးကြောင်း ဦးဇော်လင်းထွန်းက ဧပြီ ၂၄ ရက်တွင် ပြောသည်။


“နောက်ပိုင်းမှာအချိန်ကျော်ပြီးမှ ထွက်တဲ့သူတွေမရှိသေးပါဘူး။ ကျယ်ကျယ်ပြန့်ပြန့်လည်း ကြော်ငြာထားပြီးပြီဆိုတော့သိသွားကြပြီဆိုတော့ အခုညဘက်ထွက်တာမရှိပါဘူး” ဟု ဦးဇော်လင်းထွန်းက ပြောသည်။ ယင်းသို့ ညဘက်ထွက်မထွက်ကိုတာဝန်ရှိအဖွဲ့အစည်းများက လှည့်ကင်းလှည့်ကာစစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။


ကော့သောင်းမြို့တွင် သာမန်ပြည် သူများမှာကိုရိုနာဖြစ်ပွားပြီးကတည်းက နေ့ခင်းဘက် ပင်အပြင်သိပ်မထွက်ကြတော့ကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။


သို့သော်ညဘက်မှလှုပ်ရှားသည့် မူးယစ်ဆေးရောင်းဝယ်သူများ၊ ပြည့်တန်ဆာလုပ်ငန်းနှင့် ဆက်သွယ်ဆက်နွှယ်သူများကမူ ညဘက်တွင်လှုပ်ရှားနေကြသည်ကို တွေ့နေရဆဲဟု ၎င်းက ပြောသည်။
“သာမန်ပြည်သူတွေကတော့ ညမထွက်တော့ပါဘူး။ ညငှက်တွေတော့ ပုန်းလျှိုးကွယ်လျှိုးလှုပ်ရှားနေကြတုန်းပါပဲ” ဟုသူက ဆိုသည်။