ပြည်တော်ပြန်ရမည့် မြန်မာ ၃၀ဝ ခန့် ရနောင်းအချုပ်တွင် သောင်တင်

0
593

ထိုင်းတွင်အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးဖြစ်သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀ဝခန့် ရနောင်း တောမော(လဝက)အချုပ်တွင် သောင်တင်နေကြသည်။


၎င်းတို့သည်တရားမဝင်နေထိုင်မှုအပါအဝင် အမှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံနေရာအနှံအပြားတွင် ထောင်ဒဏ်ကျခံရပြီးနောက် လွတ်ရက်စေ့ကာရနောင်း အချုပ်မှ ကော့သောင်းဘက်လွှဲပို့ပေးခြင်း ခံရမည့်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။


ထိုသို့သောအချုပ်လွတ် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းတာဝန်ရှိသူများက မြန်မာနိုင်ငံတာဝန်ရှိသူများထံ အပတ်စဉ်လွှဲပြောင်းပေးလေ့ရှိသည်။ မြန်မာဘက်မှ ၎င်းတို့ကို ပြည်တော်ပြန်အဖြစ် စနစ်တကျပြန်လည်လက်ခံကာ နေရပ်သို့ပြန်ပို့ ပေးလေ့ရှိသည်။


လက်ရှိတွင်ကိုဗစ်ရောဂါကပ်ဘေးနှင့် ကြုံတွေ့နေရသဖြင့် ယင်းသို့အချုပ်လွတ် ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သား လွှဲပြောင်းရေးလုပ်ငန်းစဉ်ကိုရွှေ့ဆိုင်းထားရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံဘက်ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ထားကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။


“ကျွန်တော်တို့ဘက်ကလည်း သူတို့ကိုစာပို့ထားတာတွေ ရှိတယ်လေ။ (ဧပြီ) ၃၀ရက် မတိုင်မီအထိကိုဒီဘက်ကိုပို့တာ လွှဲတာမလုပ်ပါနဲ့ဦး ဆိုတာရှိတယ်လေ။ ဟိုဘက်(ထိုင်း)က ပို့ဖို့အတွက်လှမ်းပြီး ဆက်သွယ်တာမရှိသေးဘူး”ဟု ဦးဇော်လင်းထွန်းက ပြောသည်။


လက်ရှိအခြေအနေအရ မေလ ၁၅ ရက်အထိ သက်တန်းတိုးမြင့်မှုရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာနက စာထပ်ထွက်နိုင်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။


လက်ရှိအချိန်တွင် ရနောင်းတောမောအချုပ်ရောက်မြန်မာများကို ထိုင်းအစိုးရက စောင့်ရှောက်ထားပြီး ၎င်းတို့၏ စားသောက်ရေးမှာအဆင်မပြေဖြစ်နေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသည့်ရနောင်းမြို့အခြေစိုက် မိတ္တသဟာရ နာရေး ကူညီမှုအသင်း(ရနောင်းမြို့)၏ တာဝန်ခံဦးသားကျော်က ပြောသည်။


“ထိုင်းတောမောက ကျွန်တော်တို့ မှာတောင် အစားအသောက်လာအလှူခံ နေတယ်။ ကျွန်တော်တို့လည်းလက်ရှိအချိန်မှာ လှူဖို့မဖြစ်နိုင်သေးဘူး ပြန်ပြောထားရတယ်။ ထိုင်းဘက်ကတော့ပို့ဖို့ အဆင်သင့်ပါပဲ။ မြန်မာဘက်ကလက်ခံဖို့ ပဲလိုတယ်”ဟု ဦးသားကျော်က ဆိုသည်။