မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ် ၆ လုံး အမှုဖွင့်ခံရ

0
838

နာမည်ကျော် မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ်၆လုံးကိုပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်ကအမှုဖွင့်ထားကြောင်း မောင်းမကန်နယ်မြေရဲစခန်းနှင့် ၎င်းအိမ်ပိုင်ရှင်များထံမှ သိရသည်။


မောင်းမကန်-ပန်းတင်အင်းရွာ လမ်းဘေးရှိ ယင်းအိမ်၆လုံးမှာ တပ်မတော်ပိုင်မြေဟုဆိုသည့် မောင်းမကန်ရေပူစမ်း မြေဧရိယာ ၁၉ ဒသမ ၆၇ ဧက အတွင်းကျရောက်နေသည်ဟုဆိုကာ ထွက်ခွာပေးရန် အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။


တပ်မတော်မှဗိုလ်ကြီးတစ်ဦးက ၎င်းမြေကိုတပ်မတော်က ပိုင်ဆိုင်ကြောင်း အထောက်အထားများပြသကာ တရားလိုပြုလာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မောင်းမကန်နယ်မြေရဲစခန်းစခန်းမှူးက ပြောသည်။


“ပိုင်ဆိုင်မှုအထောက်အထားပြနိုင်ရင် ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)နဲ့ အမှုဖွင့်ပေးရတယ်။ အမှုတွဲတည်ဆောက်ဆဲပါ” ဟုစခန်းမှူးက ပြောသည်။
ပြီးခဲ့သည့်ဧပြီလ၁၇ရက်က အိမ်ရှင်များကိုစခန်းသို့ခေါ်ယူစစ်မေးခဲ့ကြောင်း စခန်းမှူးက ပြောသည်။


အိမ်ရှင်အချို့ကမူ ၎င်းတို့အနေဖြင့် မြေပိုင်ဆိုင်မှုအထောက်အထားရှိသည့် မူလပိုင်ရှင်ထံမှလွန်ခဲ့သည့်၁၀ နှစ်ခန့်ကဝယ်ယူခဲ့ပြီး ၎င်းတို့ဝယ်ယူစဉ်က မြေစာရင်းနှင့် ရပ်ရွာတာဝန်ရှိသူများကတိုင်းတာပေးခဲ့ကြောင်း ပြောကြသည်။


ယင်းသို့ဝယ်ယူစဉ်က တပ်မတော်ကတပ်ပိုင်မြေဆိုင်းဘုတ်စိုက်ထူထားမှု မရှိသည့်အပြင်ခြံအတွင်းသစ်ပင်သီးနှံ စိုက်ပျိုးခြင်းနှင့်အိမ်ဆောက်နေထိုင်စဉ်အတွင်း တပ်မှ တစ်စုံတစ်ရာလာရောက်ဟန့်တားခြင်းမျိုးမရှိခဲ့ဘဲ ယခုအချိန်မှ တပ်ပိုင်မြေဟုဆိုလာသည်မှာ မဖြစ်သင့်သောကြောင့် အမှုကိုရင်ဆိုင်ဖြေရှင်းသွားမည်ဟု ပြောကြသည်။


“ဒီမြေကထွက်သွားဖို့ကကိုယ့်မှာလည်း နေဖို့အခြားနေရာမရှိဘူးဆိုတော့ အမှုရင်ဆိုင်ဖို့ပဲရှိတာပေါ” ဟုအိမ်ရှင်တစ်ဦးဖြစ်သည့်ဦးဝင်းဇော်က ပြောသည်။


မောင်းမကန်ရေပူစမ်းမြေမှာ တပ်မတော်ပိုင်မြေဖြစ်ပြီး ရေပူစမ်းအဆင့်မြှင့်တင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆင့်မြှင့်တင်ရေးအစီအစဉ်များကို ရေပူစမ်းမြေဧရိယာအတွင်းရှိ လူနေအိမ်များပြောင်းရွှေ့ပြီးမှစတင်နိုင်မည်ဟု ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောဆိုထားသည်။


ယင်းရေပူစမ်းဧရိယာအားအဆင့်မြှင့်တင်ရန် ကုမ္ပဏီကကွင်းဆင်းစုံစမ်းခြင်း၊ ကမ်းလှမ်းလာခြင်းများရှိပြီး ၎င်းကမ်းလှမ်းမှုကိုတစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချထားခြင်းမရှိသေးကြောင်း ကမ်းရိုးတန်းဒေသစစ်ဌာနချုပ်က လွန်ခဲ့သည့် ၂၀၁၉ခုနှစ် ဇူလိုင်လက ပြောဆိုထား သည်။


ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကနေ အိမ်များကိုပြောင်းရွှေ့ဖယ်ရှား ပေးရန်လွန်ခဲ့သည့်၂၀၁၉ခုနှစ်ဇူလိုင်လကတည်းက နေအိမ်ပိုင်ရှင်များကို ညွှန်ကြားထားဖူးသည်။


ကျူးကျော်သူများက အထက်တန်းကျောင်းသားများရှိသည့် အိမ်ဖြစ်သည့်အတွက်၂၀၂၀ ပြည့်နှစ်မတ်လကုန်တွင် ပြောင်းရွှေ့ပေးမည်ဟု တပ်မတော်တာ ဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းပြောဆိုခဲ့ရာ ယခုမတ်လကုန်တွင် အပြီးပြောင်းရွှေ့ရန်ညွှန်ကြားထားကြောင်း ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောဆိုထားသည်။


အိမ်ရှင်များအား မတ်လအကုန်တွင်အပြီးဖယ်ရှားရန်နှင့် ဖယ်ရှားခြင်းမပြုဘဲဆက်လက်နေထိုင်ပါက သက်ဆိုင်ရာတရားရုံးတစ်ဆင့် ဆက်လက်၍ တည်ဆဲဥပဒေနှင့်အညီအရေးယူသွားမည်ဟု တပ်မတော်က မတ်လ ၁၂ ရက်စွဲဖြင့်ထပ်မံအကြောင်းကြားထားဖူးသည်။