ကိုဗစ်ကြောင့် တိုင်းအတွင်း ဟိုတယ် ထက်ဝက်ကျော် ယာယီပိတ်

0
719

ကိုဗစ်-၁၉ ကပ်ဘေးကာလတွင် ခရီးသွားလာမှု မရှိသလောက်ရပ်ဆိုင်းသွားခဲ့သည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်ထက်ဝက်ကျော် ယာယီရပ်နားထားကြကြောင်း တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။


တိုင်းအတွင်း ဟိုတယ်ခရီးဌာန လိုင်စင်ရှိ ဟိုတယ်/တည်းခိုရိပ်သာ ၄၆ လုံးရှိပြီး လက်ရှိတွင် ၂၂ လုံးသာ ဖွင့်တော့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။


ဟိုတယ်အများစုက ယခုလအစောပိုင်းတွင် စတင်ပိတ်ကြခြင်းဖြစ်သည်။ ယခင်နှစ်များက ဧပြီလတွင် ခရီးသွားဝင်ရောက်မှု အများဆုံးလဖြစ်သော်လည်း လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် ခရီးသွားမရှိသလောက်နည်းသွားကြောင်း ဟိုတယ်ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။


“အဓိကအားဖြင့်ကတော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍကတော့ ကိုဗစ်ကြောင့် အထိနာဆုံးကဏ္ဍလို့ပြောရင်တော့ ပြောလို့ရပါတယ်”ဟု ဦးညိုအေးက ပြောသည်။


အထက်ပါ ယာယီပိတ်ထားသည့် ဟိုတယ်အရေအတွက်မှာ ဟိုတယ်ခရီးဌာနထံ စာဖြင့် တရားဝင်အကြောင်းကြားထားသည့် အရေအတွက်ဖြစ်ပြီး အကြောင်းမကြားဘဲ ယာယီပိတ်ထားသည့် ဟိုတယ်အချို့လည်း ရှိသေးသည်။


ဟိုတယ်တွင်ရှိသည့် အခန်းအားလုံး၏ ၄၀ ရာခိုင်နှုန်းအောက်သာ ဧည့်သည်ရရှိပါက အရှုံးပြနေသည့်အတွက် ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ယာယီပိတ် ထားသည့် ဟိုတယ်ပိုင်ရှင်တစ်ဦးက ဆိုသည်။


ယာယီပိတ်ထားချိန်တွင်ရှိသည့် ဝန်ထမ်းအင်အား၏ ၂၅ ရာခိုင်နှုန်းကိုသာ လစာပေးကာ ထိန်းထားနိုင်ပြီး ကျန်သည့် ဝန်ထမ်း ၇၅ ရာခိုင်နှုန်းကို လစာမဲ့ခွင့်ဖြင့် နေရပ်ပြန်လွှတ်ထားရကြောင်း ၎င်းက ပြောသည်။


ထို့အပြင် ဟိုတယ်အများစုက ဘဏ်ချေးငွေဖြင့် လည်ပတ်နေရသည့်အတွက် ယာယီပိတ်ထားချိန်တွင် ဘဏ်အတိုးဆပ်ရန် အခက်အခဲကြုံနေရသဖြင့် ကိုဗစ်ကာလတွင် အခြားနိုင်ငံများကဲ့သို့ ဘဏ်အတိုးလျှော့ချပေးရန်လိုအပ်ကြောင်း အဆိုပါ ဟိုတယ်ပိုင်ရှင်က ဆို သည်။


“ဘဏ်တိုးမဆပ်နိုင်ရင် ပြဿနာတွေက အများကြီးတက်လာပြီ၊ ရေရှည်ဆိုရင်”ဟု ယင်းဟိုတယ်ပိုင်ရှင်က ပြောသည်။ လက်ရှိဘဏ်အတိုးနှုန်းမှာ ပျမ်းမျှ ၁၁ ရာခိုင်နှုန်းရှိနေကြောင်း ၎င်းက ဆိုသည်။


ယင်းအပြင် ဟိုတယ်ပြန်ဖွင့်ချိန်တွင် ကျွမ်းကျင်ဝန်ထမ်းမရှိတော့သည့် အခက်အခဲများ ကြုံတွေရနိုင်ကြောင်း အထက်ပါ ဟိုတယ်ပိုင်ရှင်က ပြောသည်။


ကိုဗစ်ကာလတွင် အစိုးရမှထုတ်ချေးမည့် ချေးငွေလျှောက်ထားသည့် ဟိုတယ်ပိုင်ရှင်များလည်းရှိပြီး လက်ရှိအချိန်ထိ ချေးငွေရ/မရကို မသိရသေးကြောင်း ၎င်းက ဆိုသည်။