တိုင်းအစိုးရလုပ်ငန်း အီလက်ထရွန်းနစ်ပြောင်းရန် ယခုနှစ် ကျပ်သိန်းနှစ်ထောင်သုံးမည်

0
300

တိုင်းအစိုးရကE-Government (အီလက်ထရွန်းနစ်အစိုးရ) လုပ်ငန်း အတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်း နှစ်ထောင် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ကျပ်သိန်းနှစ်ထောင်အသုံးပြုပြီး ပါက ဝန်ကြီးအခန်းအတွင်းမှ ဗီဒီယိုဖုန်း ခေါ်ဆိုမှုများ၊ တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အီးမေးလ်ပေးပို့ခြင်းများ လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြောရမယ်ဆိုရင်တော့ on paper (စာရွက်စာတမ်း)တွေက တဖြည်းဖြည်း ချင်းလျော့နည်းသွား လိမ့်မယ်”ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

E-Government အတွက်လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၈၄၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ စနစ်တစ်ခုလုံး လုပ်ငန်း ပြီးစီးအောင် လုပ်ဆောင်မည်ဆိုပါက ငွေကျပ် ၁ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။

တိုင်းအစိုးရ၏ E-Governmentလုပ်ငန်းကို Next Hop ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ် ကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

လက်ရှိတွင် တိုင်းအစိုးရ၏ လုပ်ငန်း အားလုံးနီးပါးကို စာရွက်စာတမ်းများ ဖြင့်သာ လုပ်ဆောင် နေဆဲဖြစ်သည်။

ထို့အပြင် တိုင်းအစိုးရအဖွဲ့ရုံးတွင် website အခန်းတစ်ခုကို သီးခြားဖွင့် လှစ်ထားပြီး တိုင်းအစိုးရ အင်တာနက် စာမျက်နှာတစ်ခုနှင့် Facebook စာမျက်နှာတို့တွင် တိုင်းအစိုးရ လုပ်ဆောင်ချက် အချို့နှင့် ထုတ်ပြန်ချက်အချို့ကို တင်လေ့ ရှိသည်။