တညင်းသီးဈေး ထိုးကျ

0
957

ထားဝယ် ဒေသထွက် သီးနှံများ အနက် တစ်ခုဖြစ်သည့် တညင်းသီးများ ဈေးနှစ်ဆခန့် ကျဆင်းနေကြောင်း ပွဲရုံများနှင့် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က အခွံပါ တညင်းသီး တစ်ပုံး (၉ ပိဿာခွဲ)လျှင် ငွေကျပ် ၁၂၀၀၀ ခန့် ပေါက်ဈေးရှိသော်လည်း ဧပြီလ ၂၂ ရက်နေ့ ဈေးနှုန်းအရ ကျပ် ၄၀၀၀ သာရှိသည်ဟု ထားဝယ်မြို့ ဘုမ္မော်ရပ်ရှိ ရွှေကျီးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းခိုင် ပြောသည်။

ရာသီအစတွင် တညင်းသီးတစ်ပုံးလျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ ပွဲရုံများ နှင့် လုပ်ငန်းအချို့မှာ လူစုလူဝေး မဖြစ် ပေါ်စေရန်အတွက် ယာယီပိတ်ထားရသည်။

“ဈေးက ရောင်းချိန်မရှိဘူးဆိုတော့ ဈေးတွေက ကျလာတယ်ပေါ့နော်၊ အခု က သီရိမင်္ဂလာဈေးက ပိတ်မယ်ဆိုတော့ ပိုဆိုးသွားတာပေါ့”ဟု ဒေါ်သန်းသန်းခိုင်က ဆိုသည်။

ကားလမ်းများ ပိတ်ထားခြင်း၊ အသွားအလာများ ကန့်သတ်ထားခြင်းကြောင့် တညင်းသီးဝယ်သူများနည်းသဖြင့် တညင်းသီးဝယ်ယူရောင်းချမှုကို ယခုနှစ်တွင် ရပ်နားထားသည်ဟု ကြက်စားပြင်ရပ်ကွက်ရှိ ပွဲရုံပိုင်ရှင် အမျိုးသားက ပြောသည်။

ဒေသထွက် တညင်းသီးကို ရန်ကုန် သီရိမင်္ဂလာဈေးသို့ အဓိကတင်ပို့ရောင်း ချသည့်အပြင် မော်လမြိုင်၊ ပဲခူး၊ ညောင်လေးပင်၊ မုံရွာဘက်များသို့လည်း တင်ပို့ရောင်းချသည်ဟု ပွဲရုံပိုင်ရှင်အချို့ ထံမှ သိရသည်။

မိုးမြင့်