အိမ်တွင်းအောင်းကာလ အတွေးများ

620
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လွတ်လပ်စွာသွားလာနေထိုင်နေတဲ့ အနေအထားတစ်ခုကနေ ရုတ်တရက် ရပ်တန့်လိုက်ရတဲ့အခါ ဘယ်လိုများ ဖြစ်သွားနိုင်မလဲလို့ ကျွန်မ တွေးမိပါတယ်။ တွေ့နေကျ မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ မတွေ့ဘဲ နေရတဲ့အခါ ခံစားချက်တွေက ဘယ်လို ပြောင်းလဲသွားမှာပါလိမ့်။ ရုန်းကန် လှုပ်ရှားနေတဲ့ လူပင်လယ်လှိုင်းလုံးကြီး ကနေ ရုတ်တရက် သွေခွာပြီး ရပ်တန့် ပစ်လိုက်တဲ့အခါ စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံ၊ မိမိကိုယ်ကိုယ်နဲ့ အခြားသူ တွေအပေါ် ရှုမြင်သုံးသပ်ပုံက ရှုထောင့် တစ်မျိုး ပြောင်းသွားနိုင်ပါသလား။

အခုလည်း အဲဒီလို ရပ်တန့်လိုက်ရတဲ့ အနေအထားကို ကျွန်မကိုယ်တိုင် ရင်ဆိုင် ဖြတ်သန်းနေရပြီ။ ဒီအချိန်မှာ ကျွန်မ ဘယ်လိုအတွေးမျိုးကို တွေးနေမိပါလိမ့်။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ အတွေး တွေကို ကောက်ယူစုသိမ်းရင်း ထပ်ပြီး အတွေးနယ်ချဲ့နေမိပြန်ပါတယ်။

“အကျယ်ချုပ်” ဆိုတဲ့စကားလုံးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ကျွန်မ ငယ်ငယ်ကတည်းက လူကြီးသူမတွေ ပြောကြတဲ့ ဇာတ်လမ်းထဲမှာ ကျွန်မစတင် ကြားဖူးခဲ့တာပါ။

“နေအိမ်အကျယ်ချုပ်” ဆိုတဲ့စကားဟာ ဘယ်လိုအဓိပ္ပာယ် ရှိတယ်။ ဘယ်လိုနေထိုင်ရတဲ့သူကို ခေါ်တာလဲ ဆိုတာလည်း အဲဒီအချိန်ကတည်းက ကျွန်မသိခွင့်ရခဲ့ပါတယ်။

အဲဒီဇာတ်လမ်းကို ပြောကြတဲ့အခါ အဓိကဇာတ်ဆောင် အမျိုးသမီးရဲ့ နာမည်ကို ဘာဖြစ်လို့ တိုးတိုးလေး ပြောကြတာလဲ ဆိုတာကတော့ အဲဒီအချိန်တုန်းက ကလေးအရွယ် ကျွန်မက နားမလည်ခဲ့ပါဘူး။ ဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကတော့ အိမ်ကြီးတစ်အိမ်ထဲမှာ ဘယ်သူနဲ့မှ တွေ့ခွင့်မရဘဲ၊ မိသားစုနဲ့လည်း အတူ မနေရဘဲ တစ်ယောက်တည်း နေရတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပေါ့ လေ။ အဲဒီအချိန်တုန်းက ကျွန်မသိခွင့် ရခဲ့တာက အဲဒီလောက်ပါပဲ။

နောက်ကျွန်မအသက်ကြီးလာမှ အဲဒီ ဇာတ်လမ်းအသေးစိတ်ကို သိခွင့်ရခဲ့တာ ပါ။ COVID 19 ရောဂါကြောင့် သူသူ ငါငါ အိမ်တွင်းအောင်း နေထိုင်ကြတဲ့ ဒီအချိန်မှာ ကျွန်မ အဲဒီဇာတ်လမ်းကိုပဲ ထပ်ခါတလဲလဲ ပြန်တွေးနေမိပါတယ်။ ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆင်းရဲကို သူမဘယ်လို စိတ်ဓာတ်ခွန်အားမျိုး၊ ဘယ်လိုမျှော်လင့်ချက်ရောင်ခြည်မျိုးနဲ့ ဖြတ်သန်းခဲ့တာပါလိမ့်။ အခုလက်ရှိ ရွှေထီးဆောင်းနေရတဲ့ အနေအထားကို ကျွန်မအားမကျပါဘူး။ မှောင်မိုက်တဲ့ နေ့ရက်တွေကို ဖြတ်သန်းရင်ဆိုင်ရဲတဲ့ တစ်ချိန်တုန်းက သတ္တိကိုတော့ လေးစား အားကျမိရိုးအမှန်ပါ။

လူတွေဟာ ဆင်းရဲခြင်းဒဏ်နဲ့ ချမ်းသာခြင်းဒဏ် ဒီဒဏ်နှစ်မျိုးမှာ ဘယ် ဒဏ်ကို ပိုခံနိုင်ရည်ရှိပါသလဲ။ ခက်ခဲ ကျပ်တည်းတဲ့ အချိန်တုန်းက အသက်နဲ့ လဲပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဂုဏ် သိက္ခာနဲ့ ကိုယ်ကျင့်သီလတွေကို ချမ်းသာ တဲ့အချိန်မှာ ဆက်လက် ထိန်းသိမ်းနိုင်စွမ်းရှိကြပါသလား။ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ ယိမ်းယိုင်တိမ်းစောင်း သွားတဲ့အချိန်ဟာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲတဲ့အချိန်လား၊ ချမ်းသာတဲ့အချိန် လား။ အဖြေတစ်ခုထွက်လာဖို့အတွက် အချိန်ကပဲ အဆုံးအဖြတ် ပေးသွားမယ် ထင်ပါတယ်။

ဘယ်လိုလောကဓံဖြစ်ဖြစ် တည်ငြိမ် စွာ ရင်ဆိုင်ရဲတဲ့ သတ္တိရှိသူတွေကို လေးစား အားကျစိတ်နဲ့ အားယူရင်း အိမ်တွင်း အောင်းကာလကို ကျွန်မတို့ ကြိုးစားဖြတ် သန်းကြရမှာပေါ့လေ။
တွေးနေတဲ့အတွေးတွေကို ခဏဖြတ် ထားပြီး COVID 19 ရောဂါရဲ့ လက်ရှိ ဖြစ်ပွားနေတဲ့အနေအထားကို သိရှိနိုင်ဖို့ ဖေ့စ်ဘုတ် (Facebook) ကို ခဏဖွင့် ကြည့်မိပြန်တယ်။ ဒီအချိန်မှာ COVID 19 အကြောင်းသတင်းဖြစ်ဖြစ်၊ ဘယ်လို သတင်းဖြစ်ဖြစ် သိချင်ရင် လူမှုကွန်ရက် စာမျက်နှာတွေကိုပဲ အားကိုးရပါတယ်။ ကျွန်မလည်း အများ နည်းတူ သိချင်တာကို ဖေ့စ်ဘုတ်မှာ ရှာကြည့်မိပါတယ်။

ဖေ့စ်ဘုတ်ကိုကြည့်ရင်း COVID 19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းလုပ်ဆောင်နေကြတဲ့ ပရဟိတ သမားတွေကို ဓာတ်ပုံနဲ့ ဝေဝေဆာဆာ တွေ့လိုက်ရတဲ့အခါ ကောင်းမွန်တဲ့ စိတ်စေတနာတွေအတွက် ချီးကျူးဂုဏ်ယူ မိပါတယ်။ ဒါပေမယ့် တချို့သော လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများဟာ ရောဂါကာကွယ်ရေး ပစ္စည်းတွေ သွားရောက် လှူဒါန်းကြတဲ့အခါ နှစ်ယောက်လောက် သွားရင် ကိစ္စပြီးနိုင်မယ့်နေရာမှာ ဘာဖြစ် လို့ အယောက်နှစ်ဆယ်လောက် စုရုံးပြီး သွားလာနေကြတာ ပါလိမ့်လို့ တွေးမိပြန်တယ်။ သူတို့ကနေတစ်ဆင့် ရောဂါပြန့် ပွားသွားမှာမျိုးကို စိုးရိမ်မိတာ အမှန်ပါပဲ။

တချို့ကျတော့ အရေးကြီးတဲ့ အကြောင်းရယ်လို့ မဟုတ်ဘဲ၊ စားဝတ် နေရေးအတွက်လည်း အရေးတကြီးလိုအပ် နေတာ မဟုတ်ဘဲနဲ့ အိမ်မှာ မနေနိုင်ဘဲ အကြောင်းအမျိုးမျိုးပြ သွားလာနေကြတာ ကို တွေ့ရတဲ့အခါကျတော့ လွန်ခဲ့တဲ့ လေးငါးနှစ်က ဖတ်ခဲ့ဖူးတဲ့ စာလေး တစ်ပိုဒ်ကို သတိရ မိပြန်ပါတယ်။

စာရေးဆရာက ချားလ်ဒါဝင်ရဲ့ သီအိုရီဖြစ်တဲ့ လူတွေဟာ မျောက်ကနေ ဆင်းသက်လာတယ်ဆိုတာကို ထောက်ခံ ချင်ပုံရပါတယ်။ စာအုပ်မှာပါတဲ့အတိုင်း စကားလုံးတွေကို တိတိကျကျ မမှတ်မိ တော့ပေမယ့် မှတ်မိသလောက်ပြောရရင် လူနဲ့ မျောက်တို့ရဲ့တူညီတဲ့ သဘော သဘာ၀ကို ဖော်ပြထားတဲ့ စာတစ်ပိုဒ်ပါ။

မျောက်တွေ တစ်ချိန်လုံး အငြိမ် မနေပဲ လှုပ်လှုပ်ရှားရှား လုပ်နေကြတာက အစာရှာဖို့အတွက် တစ်ခုတည်း မဟုတ်ပါ ဘူးတဲ့။ ပင်ကိုဗီဇကိုက အငြိမ်မနေ နိုင်လို့ ဖြစ်ပါတယ်တဲ့။ လူတွေလည်း အလားတူပါပဲ။ လှုပ်လှုပ်ရှားရှား သွားလာ နေကြတာက စားဝတ်နေရေးတစ်ခုတည်း ကြောင့် မဟုတ်ပါဘူးတဲ့။ ပင်ကိုယ် သဘာ၀ကိုက အငြိမ်မနေနိုင်လို့ပါတဲ့။

ဒီအတိုင်းဆိုရင် လူတွေ အိမ်တွင်း အောင်းရတာက အတော်လေးကို စိတ် ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေမှာပါပဲပေါ့။ အားလုံးမဟုတ်ပေမယ့် တချို့လူတွေ အတွက်တော့ ဒီသီအိုရီက မှန်နေသလို ပါပဲ။

နောက်တစ်ခုက ကိုယ့်ရဲ့ အဖွဲ့အစည်း၊ ပါတီ ပုံရိပ်တက်ဖို့အတွက် အကြိုမဲဆွယ် စည်းရုံးရေးအနေနဲ့ အလှူလေး နည်းနည်း လုပ်ပြီး လူအုပ်ကြီးနဲ့ ဓာတ်ပုံရိုက် ဖေ့ဘုတ်ပေါ်တင်နေကြတဲ့ အဖွဲ့အစည်း တွေ ရှိများရှိနေမလားလို့ တွေးမိပြန် တယ်။ ဒါပေမယ့် ဒီအချိန်မှာ ဝါ၊ စိမ်း၊ နီ၊ ပြာ အရောင်တွေကို မကြည့်ပဲ ဒီကပ် ရောဂါဘေးက လွတ်မြောက်ဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားကြရမယ်လို့ ပညာရှိ၊ ပညာရှင်များက သတိပေးကြတဲ့ စကား ကို သတိရသွားတဲ့အတွက် အဲဒီအတွေးကို ခပ်မြန်မြန်ပဲ ခေါင်းထဲက ထုတ်လိုက်ပါ တယ်။ “ငါ ဘာဖြစ်လို့ အဲဒီလို တွေးမိ ပါလိမ့်” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မ ပေမယ့် အတွေးဆိုတာ ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှတယ် မဟုတ်ပါလား။

COVID 19 ရောဂါကာကွယ်ဖို့ အတွက် လိုက်နာရမယ့် အဓိက အချက် အလက်တွေထဲမှာ လက်ကို ဆပ်ပြာနဲ့ မကြာခဏ စနစ်တကျ ဆေးကြောဖို့ အရေးကြီးတယ်ဆိုတာ ပါဝင်ပါတယ်။ ဘာပဲကိုင်ကိုင် လက်ဆေးပါလို့ ဘယ်လို ပြောပြော ထမင်းမစားခင် လက်ကို ရေဆွတ်ရုံလောက်ဆွတ်ပြီး တစ်သက်လုံး စားလာခဲ့တဲ့ ကျေးလက်နေပြည်သူတွေ အတွက်တော့ ရေမရှား၊ ဆပ်ပြာအဆင် သင့်ရှိနေတာတောင် လက်ကိုဆပ်ပြာနဲ့ ခဏခဏဆေးဖို့ မေ့နေကြတော့တာပါပဲ။

တစ်ခါတလေ သူများကို ဂရုစိုက်ပါ လို့ သတိပေးနေတဲ့ သူကိုယ်တိုင်က နေရမယ့် စည်းမျဉ်းအတိုင်း မလိုက်နာ နိုင်တာကိုလည်း တွေ့နေရပါတယ်။ အိမ် မှာနေကြပါလို့ ဖေ့ဘုတ်ပေါ်မှာ စာလေး ရေတင်ပြီး သတိပေးနေတဲ့သူက အသွား အလာမပျက် လမ်းသလားနေတာကို တွေ့ရ တော့ အကျင့်ဆိုတာ ပြင်နိုင်ဖို့ ခဲယဉ်း တယ်ဆိုတဲ့စကားက သိပ်မှန်ပါလားလို့ တွေးမိနေတော့ တယ်။ ကျွန်မမှာရှိတဲ့ မကောင်းတဲ့အကျင့်တချို့ကိုလည်း ပြင်နိုင်ဖို့ ကြိုးစားရဦးမှာပါလားလို့ ကိုယ့်ကိုယ်ကို သတိပေးမိပါတယ်။

တချို့သော ရိုးရာဓလေ့ထုံးစံ၊ ဘာသာရေး အခမ်းအနားတွေကလည်း နှစ်ပေါင်းများစွာ ပုံမှန်လုပ်လာခဲ့တဲ့ အလေ့အကျင့်ကြောင့် COVID 19 အန္တရာယ် ဘယ်လိုရှိရှိ ဆက်လုပ်မှ ဖြစ်မယ်ဆိုတဲ့ အတွေးအခေါ်မျိုး ရှိနေသူ တွေကိုလည်း တွေ့နေရပါတယ်။ ဒီ ရောဂါဟာ ကူးစက်ရောဂါဖြစ်လို့ မိမိ ကူးစက်ခံရရင် တစ်ခြားသူတွေဆီကို အလွယ်တကူ ပြန့်သွားနိုင်တယ် ဆိုတာ သိပေမယ့် လုပ်နေကျ အကျင့်တစ်ခု ကြောင့် ဆက်လုပ်နေတဲ့ ဘာသာရေး အခမ်းအနားတွေကို တွေ့ရတဲ့အခါ ဘာသာရေးရဲ့ အနှစ်သာရဟာ ဘာပါ လိမ့်လို့ တွေးမိပြန်တယ်။ နှစ်ပေါင်း များစွာ လုပ်လာခဲ့တဲ့ အလေ့အကျင့်က စဉ်းစားဆင်ခြင်နိုင်တဲ့ ဥာဏ်ပညာကို လွှမ်းမိုးသွားနိုင်သလား ဆိုတဲ့အတွေး မျိုးလည်း တွေးမိပါရဲ့။

နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့ အနေအထားကနေ ရုတ်တရက်ရပ်တန့်ပြီး စည်းဝိုင်းအပြင် ဘက် ထွက်ရပ်လိုက်တဲ့ ပြင်ပလူတစ်ယောက် လို မိမိရဲ့ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လှမ်းမျှော်ကြည့်တဲ့ အခါ အရင်က လက်ခံထားတဲ့ တချို့ သော အတွေးအခေါ် အယူအဆတွေဟာ ပြုပြင်ဖို့ လိုအပ်နေတယ်ဆိုတာကို တွေ့ လိုက်ရပါတယ်။

COVID 19ကူးစက်ရောဂါကြောင့် ကြောက်စိတ်၊ စိုးရိမ်စိတ် ဖြစ်ပေါ်နေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ အခုလိုအိမ်တွင်း အောင်းကာလမှာ ကိုယ့်ကိုယ်ကို ပြန် လည်သုံးသပ်ခွင့်တွေ၊ တွေးမိတဲ့အတွေး တွေကို ပြန်လည်ကောက်ယူပြီး သင်ခန်း စာယူစရာတွေကို သင်ခန်းစာယူဖို့ အခွင့် အရေးလည်း ရှိနေပြန်ပါလားလို့ တွေးမိ ပြန်လေရဲ့။ ။

နီမာဦး(အံဒင်)