နေ့ပြန်တိုးသမားများ ကိုဗစ်ဂယက် ရိုက်ချက် ထိ

0
753

ကိုဗစ် ကပ်ဘေး ဂယက်ကြောင့် နေ့ပြန်တိုး (ဒေသအခေါ် နေ့ပေး) ငွေထုတ် ချေးသူများနှင့် ချေးယူထားသူများ အခက် အခဲကြုံနေရကြောင်း ငွေချေးသူများနှင့် ငွေရှင်များထံမှ သိရသည်။

လက်ရှိကာလတွင် ဒေသတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းများ ပိတ်ထားခြင်း၊ ဈေးဝယ်သူနည်းပါးခြင်းများကြောင့် နေ့ပေးငွေကို နေ့စဉ်မပေးနိုင်သည့်အတွက် ငွေရှင်၏ အငြိုအငြင် ခံနေရကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး တွင် ဆိုင်ရောင်းချနေသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။

သူမက ငွေကျပ် နှစ်သိန်းကို တစ်နေ့လျှင် ကျပ် ၆၀၀၀ ပြန်ဆပ်သည့် စနစ်ဖြင့် ချေးယူထားခြင်းဖြစ်သည်။

ဆိုင်ရောင်းအားကျလာသည့် အတွက် စားသောက်ရန်အတွက်ပင် ရုန်းကန်နေရပြီး နေ့ပေးအကြွေး ခေတ္တ ရပ်နားပေးရန် ပြောဆိုသော်လည်း ငွေရှင်က နေ့စဉ်လာတောင်းနေသည်ကို ကြုံရကြောင်းသူမက ဆိုသည်။

“ဘယ်လိုမှ ပြောလို့မရဘူး။ သူတို့ က ဆိုင်ရောင်းနေသရွေ့ လာကောက်နေ တာပဲ။ ကိုယ်လိုတုန်းက ယူထားတော့ အဆင်ပြေတဲ့ နေ့ဆိုလည်း ပေးလိုက် တာပဲ။ မပေးနိုင်ရင် ပြောခံဆိုခံပြီးတော့ နေလိုက်ရတာပဲ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

သူမကဲ့သို့ပင် အခြားဈေးသည် အချို့လည်း နေ့ပေးငွေ မပေးနိုင်သည့် အတွက် အခက်အခဲများ ကြုံနေရကြောင်း ပြောဆိုကြသည်။

နေပေးငွေချေးသူများအတွက်လည်း မလွယ်လှကြောင်းပါ။ ငွေထုတ်ချေးထား ပြီးဖြစ်သည့်အတွက် လက်ရှိတွင် ယင်းငွေ ပြန်ရစေရန် နေ့စဉ်ချော့မော့တောင်းခံ နေရကြောင်း နေ့ပေးချေးသူ အမျိုးသမီး တစ်ဦးက ဆိုသည်။

မရေရာသော အခြေအနေများ ကြောင့် ငွေထပ်မံချေးထုတ်ခြင်းမပြုတော့ ဘဲ ချေးပြီးသားငွေပြန်ရရန်အတွက်သာ လုပ်နေရသည်ဟု အထက်ပါ အမျိုးသမီး က ပြောသည်။

ဈေးသည်အချို့တွင် နေ့ပေးချေး ငွေများအပြင် အသေးစားငွေချေးကုမ္ပဏီ များထံမှ ချေးငွေလည်း ရယူထားကြသည်။

ကုမ္ပဏီ၏ ချေးငွေအတွက်ကိုမူ ဧပြီလအတွက် အတိုးတစ်လစာ ပေးသွင်း ခိုင်းထားပြီး မေလဆန်းတွင် အရင်းအတွက် စတင်ကောက်ခံမည်ဟု ပြောဆို ထားသည်ဟု ဈေးသည်အချို့က ဆိုသည်။

ကိုဇော်