ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းအတွင်းသို့ လာသူအားလုံး စောင့်ကြည့်စခန်းတွင် ၂၁ ရက် နေရမည်

0
722

ပြည်တွင်း အခြားဒေသမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာသူအားလုံး စောင့်ကြည့်စခန်းများတွင် (Quarantine) ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

မလွှဲတောင်ဂိတ်နှင့် လေကြောင်းမှလာသည့် ခရီးသည်များ မိမိသွားလာမည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ စောင့်ကြည့်စခန်းများတွင် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးကိစ္စ သွားလာသူများ မပါဘဲ အိမ်စီးကား၊ ခရီးသည်တင်ကားဖြင့် လာရောက်သူ မည်သူမဆို စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် လေကြောင်းလိုင်းများ ခေတ္တရပ်နားထားသည်။

“အိမ်စီးကာတွေလာမယ်ဆိုရင် ပါလာတဲ့လူမှန်သမျှအကုန်လုံး ရောက်ရှိတဲ့ကျေးရွာ/ရပ်ကွက်မှာတော့ ၂၁ ရက် Quarantine (စောင့်ကြည့်စခန်း)ဝင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ထိုသို့ လုပ်ဆောင်ရန် လာရောက်သူ သွားမည့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူနှင့် မလွှဲတောင်ရှိ စစ်ဆေးရေးဂိတ် တာဝန်ရှိသူတို့အကြား ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်

ဌာနဆိုင်ရာဝန်ထမ်းနှင့် ကျန်းမာရေးကိစ္စသွားလာသူများက ၂၁ ရက်ကြာစောင့်ကြည့်စခန်းတွင် နေရန် မလိုသော်လည်း ကျန်းမာရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။

ထိုကြောင့် ယခင်က တနင်္သာရီတိုင်းအတွင်း ပြည်ပမှ ပြန်လာသူများကိုသာ ၁၄ ရက်ကြာ စောင့်ကြည့်စခန်းတွင် ထားရှိရာမှ လက်ရှိတွင် ရောဂါဖြစ်ပွားနေသည့် ဒေသမှ ပြန်လာသူများကို စောင့်ကြည့်စခန်းတွင် ထားတော့မည်ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်သည့် အသေးစိတ်ညွှန်ကြားချက်ထွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဇော်