ရေဖြူဘုန်းကြီးပျံနှင့် မြိတ်မင်္ဂလာဆောင်ကိစ္စ တရားစွဲမည်

0
698

ကိုရိုနာရောဂါပိုး ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ဘုန်းကြီးပျံပွဲကျင်းပသည့် ရေဖြူမြို့နယ်ကိစ္စနှင့် မြိတ်မြို့တွင် လုပ်ဆောင်သွားသည့် မင်္ဂလာဆောင်ကိစ္စကို တရားစွဲဆိုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့တွင် သက်တော် ၈၃ နှစ်အရွယ် ဆရာတော်ပျံလွန်တော်မူသွားသည့်အတွက် ဈာပန အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် ကိုရိုနာရောဂါအတည်ပြုလူနာအမှတ် ၂၅ လာရောက်ခဲ့သည့် မင်္ဂလာဆောင်အခမ်းအနားကို မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးနိုင်ရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေးအခမ်းအနားများ လုံးဝမလုပ်ရန် မတ် ၂၁ ရက်နေ့က ညွှန်ကြားထားပြီး ပြုလုပ်က အရေးယူရန် မတ်လ ၂၈ ရက်တွင် ညွှန်ကြားထားသည်။

ယင်းအတွက်ကြောင့် ရေဖြူဘုန်းကြီးပျံနှင့် မြိတ်မင်္ဂလာဆောင် ဦးဆောင်သူများကို စိစစ်ပြီး တရားစွဲဆိုရန် ညွှန်ကြား ထားကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

အစိုးရက ထုတ်ပြန်ထာသည့် ကြေညာချက်၊ ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက် တရားစွဲဆိုရန် ညွှန်ကြားခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

“ကြေညာချက်ထုတ်ထားတဲ့အပေါ်မှာ သူတို့တွေက လိုက်နာမှုမရှိဘူး၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဖောက်ဖျက်တယ်လို့ ယူဆလို့ရတယ်လေ”ဟု ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

အထက်ပါဖောက်ဖျက်မှုများအပေါ် ဥပဒေအကြံပေးချက်အပေါ်မူတည်ကာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ သို့မဟုတ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

ကိုဇော်