မြိတ်မှ နောက်ဆုံးရ သတင်းများ (ဧပြီ ၁၂၊ ၂၀၂၀)

0
339

ရွာထဲသို့ အပြင်လူစိမ်းမဝင်ရ

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဧပြီလ ၁၁ ရက်နေ့မှစပြီး ပြင်ပမှ လူစိမ်းဝင်ရောက်ခြင်း တားမြစ်လိုက်ပြီဖြစ်သည်။

ရွာသားများအနေနှင့် သင်္ကြန်တွင်း နေရပ်သို့ပြန်လာပါက ရွာရှိ‌ စောင့်ကြည့်ရေးစခန်းတွင် နေထိုင်ပြီးမှ နေအိမ်သို့ ပြန်ခွင့်ရှိကြောင်း အနောက်သာရဖုံကျေးရွာနေသူ တစ်ဦးက ပြောသည်။

သို့သော် ရွာချင်းဆက်နေသူများအနေနှင့် တစ်ရွာနှင့် တစ်ရွာ ဝင်ထွက်သွားလာနိုင်ကြောင်း အနောက်သာရဖုံကျေးရွာနေသူတို့ထံမှ သိရသည်။

ဖျားနာ ကုသမည့် ဆေးခန်းဖွင့်မည်

COVID-19 ကာကွယ်ကုသရေးအတွက် Fever clinic ကို မြိတ်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ဆောင် အလယ်ပေါက်နှင့် ကန်ခေါင်းရပ်ကွက် မိခင်နှင့်ကလေးဆေးကုသဆောင်ရှိ နားနေဆောင်တို့တွင် ဧပြီလ ၁၄ ရက်နေ့မှစပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်လူနာများအတွက် သတ်မှတ်ချိန်ဖြစ်သည့် နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ လာရောက်ပြသနိုင်ကြောင်း သိရသည်။

ပညာပေး တစ်ကိုယ်တော် ကန်ပိန်းလုပ်

ကိုဗစ်အရေးပညာပေးမှုနှင့်ပတ်သက်သည့် တစ်ကိုယ်တော် ကန်ပိန်းတစ်ခုကို မြိတ်မြို့နေလူငယ်တစ်ဦးမှ ပြုလုပ်ခဲ့သည်။

ဧပြီလ ၁၂ ရက် ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ မြိတ်မြို့လယ် ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ရှေ့တွင် ငြိမ်သက်စွာရပ်၍ သရုပ်ဖော် ကန်ပိန်းပြုလုပ်ခဲ့သည်။ ၎င်း၏လည်ပင်း၌
Mask တပ်ကြပါ၊ လက်ဆေးပါ၊ Stay at home (အိမ်မှာပဲနေပါ)စသည့် စာသားများပါသည့် စာပြားကို ချိတ်ဆွဲထားသည်။

ပြီးခဲ့သည့် နှစ်ရက်က ပို့တွေ့ လူနာအမှတ် ၂၅ နှင့်ပတ်သက်ပြီး
မြိတ်သူမြိတ်သားများ စိုးရိမ်မှုမြင့်တက်ခဲ့သည့်အတွက် ပိုမိုအလေးထားလာကြရန် ယင်းသို့ကန်ပိန်း ပြုလုပ်ခဲ့ကြောင်း ကန်ပိန်းပြုလုပ်သည့် လူငယ်နှင့်အတူပါလာသူက ပြောသည်။

ဓာတ်ပုံ _ ကိုဆန်း