တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးစစ်ထားသူ သုံးဆယ်ကျော်ရှိ၊ ယနေ့ည အဖြေသိရမည်

0
349

တနင်္သာရီတိုင်းအတွင်းမှ ကိုရိုနာရောဂါပိုးရှိ/မရှိ ဓာတ်ခွဲခန်းပို့ထားသူ သုံးဆယ်ကျော်ရှိပြီး ၎င်းတို့၏ ဓာတ်ခွဲအဖြေကို ယခုညတွင် သိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

တိုင်းအတွင်း မြို့နယ် ၁၀ ခုရှိ စောင့်ကြည့်ရေးစခန်းများ (Facility Quarantine) တွင် စောင့်ကြည့်ခံနေရသူ ၃၀ ဦးနှင့် ဆေးရုံစောင့်ကြည့်လူနာ ၅ ဦး ဓာတ်ခွဲနမူနမူများကို ယခုည သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စောင့်ကြည့်စခန်းရှိသူများတွင် ကိုရိုနာရောဂါပိုးလက္ခဏာမရှိသော်လည်း စောင့်ကြည့်သည့်ရက်ပြည့်ခါနီး ၃၀ ဦး၏ နမူနာများကို ဓာတ်ခွဲခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ရောဂါလက္ခဏာ ဘာမှတော့ မရှိဘူးပေါ့”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

ယင်းအပြင် ဧပြီလ ၁၃ ရက်နေ့တွင် ထားဝယ်ဆေးရုံရှိ စောင့်ကြည့်လူနာ ၃ ဦးနှင့် တနင်္သာရီမြို့နယ်မှ စောင့်ကြည့်လူနာ ၂ ဦး၏ ဓာတ်ခွဲနမူနာများကို ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ အရေးပေါ်ကားဖြင့် ပို့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းနှင့် လေယာဉ်ခရီးစဉ်များ ရပ်နားထားသည့် အတွက် ဓာတ်ခွဲနမူနာများကို ထိုသို့ ကားဖြင့် ပို့ခြင်း ဖြစ်သည်။ ထိုသို့ ကားဖြင့် ပို့ရန် ဌာနက ခရီးစရိတ် ထုတ်ပေးထားပြီးဖြစ်ကြေင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မတ်လနှောင်းပိုင်းမှ လက်ရှိအချိန်ထိ ဓာတ်ခွဲနမူပို့ထားသူ၏ ၉ ဦးတွင် ကိုရိုနာရေဂါပိုးမရှိဟု အဖြေထွက်ပြီးဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိ ထားဝယ်ဆေးရုံတွင်စောင့်ကြည့်လူနာ ၇ ဦး၊ မြိတ်တွင် ၂ ဦးနှင့် ကော့သောင်းတွင် ၁ ဦးရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ကိုဇော်