တနင်္သာရီတိုင်းအတွင်း အိမ်ထောင်စု တစ်သိန်းကျော်ကို ထောက်ပံ့ပစ္စည်း စဖြန့်မည်

0
249

တနင်္သာရီတိုင်းအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု တစ်သိန်းသုံးသောင်းကျော်ကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ထောက်ပံ့ပစ္စည်း စဖြန့်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။

အခြေခံလူတန်းစားစာရင်းကောက်ရာတွင် ဧပြီလ ၉ ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းအရ အိမ်ထောင်စုပေါင်း တစ်သိန်းသုံးသောင်းကျော် (၁၃၀၂၇၄) ရှိကြောင်း ၎င်းထံမှ သိရသည်။

အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းကောက်ရာတွင် ကုမ္ပဏီဝန်ထမ်းမဟုတ်သူ၊ ကုန်စုံဆိုင်မရှိသူ၊ နိုင်ငံ့ဝန်ထမ်းနှင့် ပင်စင်စားမဟုတ်သူ ၊ ကျပန်း တစ်နေ့လုပ်တစ်နေ့စားဖြစ်သူအစရှိသည့် စံသတ်မှတ်ချက်များဖြင့် ကောက်ယူခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် အိမ်ထောင်စု စုစုပေါင်း သုံးသိန်းနီးပါးရှိသည်။ ယင်းကြောင့် တိုင်းအတွင်းရှိ အိမ်ထောင်စု စုစုပေါင်း၏ ထက်ဝက်နီးပါးမှာ အခြေခံလူတန်းစား စာရင်းပေါက်နေသည်ဟု ဆိုနိုင်သည်။

အဆိုပါ အိမ်ထောင်စုများကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ခရိုင်တစ်ခုလျှင် မြို့နယ်တစ်မြို့နယ်နှုန်းဖြင့် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

ထိုသို့ဖြန့်ဝေရခြင်းမှာ လက်ရှိအခြေအနေအရ တိုင်းအတွင်း ဖြန့်ဝေမည့်ပစ္စည်းအမယ် ငါးမျိုးမှာ ဖြန့်ဖြူးရန် အဆင်သင့်မရှိသေး သည့်အတွက် ရှိသည့်ပမာဏအပေါ်မူတည်ကာ မြို့နယ်အလိုက် ခွဲဝေရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထောက်ပံ့ပစ္စည်းများ ရရှိမှုအပေါ်မူတည်၍ ကျန်မြို့နယ်များကိုလည်း ဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ပစ္စည်း များ ဖြန့်ဝေရာတွင်လည်း အုပ်ချုပ်ရေးအပိုင်းအပါအဝင် စေတနာ့ဝန်ထမ်းများပါဝင်သည့်အဖွဲ့ဖြင့် အိမ်တိုင်ရာရောက် ပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

“တန်းစီပြီးပေးတဲ့စနစ် မရှိဘူး”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာနှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အခြေခံလူတန်းစားအိမ်ထောင်စု အရေအတွက်မှာ ထားဝယ်ခရိုင်တွင် ၄၇၅၂၈ စု၊ မြိတ်ခရိုင်တွင် ၆၅၂၄၅ စုနှင့် ကော့သောင်းခရိုင်တွင် ၁၇၅၀၁ စုရှိကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ကိုဇော်