မေတ္တာတံတား ညဘက်ဖြတ်သန်းခွင့် ပိတ်

0
289

ထားဝယ်ဒေသမှ ထိုင်းနယ်စပ်သို့ သွားရောက်ရာလမ်းမပေါ်ရှိ အဓိက တံတားတစ်စင်းဖြစ်သော မေတ္တာတံတားကို ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ညဘက်ဖြတ်သန်းခွင့်မပြုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

အဆိုပါတံတားကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းခွင့်ပြုမည်မဟုတ်တော့ကြောင်း ၎င်းက ဆိုသည်။

ညဘက်ဖြတ်သန်းခွင့်ပိတ်ခြင်းကို ဧပြီလကုန်အထိ သတ်မှတ်ထားကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။

တရားမဝင် နယ်စပ်ဝင်ပေါက်များမှ ပြန်လာသူများက အဆိုပါတံတားကို ညသန်းခေါင်အချိန်တွင် ဖြတ်သန်းလေ့ရှိကြောင်း သိရသည့်အတွက် ယင်းကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ခိုးပြီးဝင်တဲ့အပေါက် အတတ်နိုင်ဆုံးနည်းသွားအောင်ပေါ့၊ ခိုးဝင်တွေက နံနက်နှစ်နာရီလောက်မှာ ခိုးဝင်တာများတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

မေတ္တာတံတားတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ကျန်းမာရေးတာဝန်ရှိသူများနှင့် အခြားကူညီပေးနေသည့်အဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးလျက်ရှိသည်။

ထိုသို့ ကန့်သတ်လိုက်သည့်အတွက် အဆိုပါအဖွဲ့များလည်း အနားယူချိန်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ်တွင် နေထိုင်သူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအရာရှိ၏ ထောက်ခံချက်ယူရမည်ဖြစ်ပြီး ထီးခီးဒေသနှင့် မေတ္တာမြို့အကြားနေထိုင်သူဖြစ်ပါက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ယူရမည် ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။

ဥပမာအားဖြင့် အဆိုပါဒေသနေသူများ ထားဝယ်မြို့သို့ လာရောက်ပါက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။

ဓာတ်ပုံ _ ကိုဇော်