သတ်မှတ်နေရာတွင် မနေသည့် ပြည်ပပြန်များကို အရေးယူမည်

0
388

ပြည်ပမှ ပြန်လည်ဝင်ရောက်သူများအနေနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်သတ်မှတ်ထားသည့် သီးခြားနေရာတွင်မနေပါက အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပြောဆို လိုက်သည်။


မတ်လ ၂၂ ရက် နောက်ပိုင်း ပြည်ပမှပြန်လည်ဝင်ရောက်လာသူများသည် မြို့နယ်အလိုက် သီးခြားသတ်မှတ် ထားသည့်နေရာ (Community Based Facility Quarantine) တွင် ၁၄ ရက်ကြာ စောင့်ကြည့်မှုခံယူရန် မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်က အမိန့်ကြေညာချက်ထုတ်ပြန်ထားသည်။


“ဒီအမိန့်ညွှန်ကြားချက်ကို ပူးပေါင်းပါဝင်ခြင်းမရှိဘူး။ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အမိန့်ကြေညာချက်မှာပါတဲ့ ဥပဒေ ၃ ခု ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ အဲဒီဥပဒေတစ်ရပ်ရပ်နဲ့ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမယ်”ဟု မွန် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။


မတ်လ ၂၉ ရက်ထိ ကောက်ယူရရှိထားသည့်စာရင်းအရ မွန်ပြည်နယ်အတွင်းသို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၅၁၃၄ ဦးရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။


Community Based Facility Quarantine ဆောင်ရွက်ထားသည့်နေရာအနေနှင့် လက်ရှိမော်လမြိုင်ခရိုင်တွင် ၁၂၁ နေရာနှင့် သထုံခရိုင်တွင် ၂၃၂ နေရာ စုစုပေါင်း ၃၅၃ နေရာရှိသည်။

အဆိုပါနေရာသို့ ရောက်ရှိနေသည့် ပြည်ပပြန်စာရင်းသည် မော်လမြိုင်ခရိုင်တွင် ၁၈၀၉ ဦး၊ သထုံခရိုင်တွင် ၁၆၆၆ ဦး စုစုပေါင်း ၃၄၇၅ ဦး ရောက်ရှိသည်ဟု ဦးမြင့်သန်းဝင်းက ပြောသည်။


ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ တစ်သိန်းခွဲကျော်ရှိနေသော်လည်း သီးခြားသတ်မှတ်ထားသည့် ၁၄ ရက်ကြာ စောင့်ကြည့်နေရာ (Community Based Facility Quarantine) သို့ စောင့်ကြည့်ခံယူသူ ၃၄၇၅ ဦးသာ ရောက်ရှိသေးသည်။


ပြည်နယ်အစိုးရအနေနှင့် ပြည်ပပြန်များအားလုံး Community Based Facility Quarantine သို့ ရောက်ရှိလာအောင် သက်ဆိုင်ရာအဆင့်ဆင့်သို့ ဖိအားပေးညွှန်ကြားဆောင်ရွက်လျက်ရှိသလို ပြည်သူလူထုအနေနှင့်လည်း ပူးပေါင်းပါဝင်ပေးရန်လိုအပ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။


“ထပ်ပြီးတော့ ခရိုင်၊ မြို့နယ် ရပ်/ ကျေးအဆင့်ထိ ဒီလူ (ပြည်ပပြန်) တွေ Community Based Facility Quarantine ကိုရောက်လာဖို့အတွက် ဖိအားပေးပြီးတော့ ဆောင်ရွက်ဖို့ညွှန်ကြားဆောင်ရွက်နေပါတယ် ဘာပဲပြောပြောမိမိကြောင့် လူများမဖြစ်အောင် ရောက်ရှိနေတဲ့လူကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟု ဦးမြင့်သန်းဝင်းက ပြောသည်။


မွန်ပြည်နယ်တွင် မတ်လ ၃၀ ရက် ထိ (PUI) စောင့်ကြည့်လူနာ ၃ ဦးရှိပြီး ဆေးရုံ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသူ ၄၂ ဦး ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။