ကော့သောင်း ဓာတ်ခွဲပို့လူနာ ၂ ဦးစလုံး ကိုရိုနာပိုး မတွေ့

0
1005

ကော့သောင်းမြို့ပြည်သူ့ဆေးရုံမှ ဓာတ်ခွဲပို့စစ်ဆေးခဲ့သော လူနာနှစ်ဦးစလုံးတွင် ကိုရိုနာရောဂါပိုးမတွေ့ကြောင်း ကော့သောင်းဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်က ပြောကြားသည်။


ယင်းနှစ်ဦးမှာလင်မယားဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ ဓာတ်ခွဲနမူနာကိုယူကာ ဧပြီ ၃ ရက်နေ့က ရန်ကုန်သို့ပို့ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၄ ရက် ညတွင်ပိုးမတွေ့ဟု အဖြေရရှိကြောင်း ဒေါက်တာခင်ဇော်က ပြောသည်။


အမျိုးသမီးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ပြီး ရောဂါအခံရှိသည့် အရက်ကြောင်အသဲကျွတ်ရောဂါသည့် ခင်ပွန်းနှင့် တစ်ရက်နေထိုင်ပြီးနောက် စောင့်ကြည့်ရေးစခန်းသို့ ပြောင်းရွှေ့စောင့်ကြည့်ခံနေစဉ် ခင်ပွန်းကနောက်တစ်ရက်တွင် ဆေးရုံသို့ရောက်လာပြီး နာရီပိုင်းအတွင်း သေဆုံးသွားကြောင်း ဒေါက်တာခင်ဇော်က ပြောသည်။


သို့ကြောင့် ၎င်းအမျိုးသမီးအား ကိုရိုနာရောဂါလက္ခဏာမပြသော်လည်း စောင့်ကြည့်ရေးစခန်းမှပြန်ခေါ် ကာ ဓာတ်ခွဲနမူနာယူပြီး လင်မယားနှစ်ဦးစလုံး၏ ဓာတ်ခွဲနမူနာကို ရန်ကုန်ပို့ကာ အမျိုးသမီးအား သံသယလူနာအဖြစ်ဆေးရုံတွင် စောင့်ကြည့်ခဲ့ကြောင်း ၎င်းကပြောသည်။


“ပိုး မတွေ့ပါဘူး။ နှစ်ဦးစလုံး ပိုးမရှိအဖြေထွက်ပါတယ်” ဟု ဒေါက်တာခင်ဇော်က ပြောသည်။


ထိုအမျိုးသမီးနှင့်အတူဆေးရုံတွင် ကိုရိုနာရောဂါလက္ခဏာ စောင့်ကြည့်နေသည့် ထိုင်းပြန် အမျိုးသားတစ်ဦးလည်းရှိပြီး ထိုသူမှာထိုင်းပြန်ဖြစ်သောကြောင့် ရိုးရိုးစောင့်ကြည့်နေရာမှ ခြေထောက်ကျိုးသဖြင့် ဆေးရုံသို့တက်ကုသခြင်းဖြစ်ရာ ဆေးရုံတွင်အခြားလူနာများနှင့် အတူထားမကုဘဲသီးခြားခွဲကုနေကြောင်း ဒေါက်တာခင်ဇော်က ပြောသည်။


“သူက ကိုဗစ်လက္ခဏာကြောင့် မဟုတ်ဘူး။ ခြေထောက်ကျိုးလို့ ဆေးရုံတက်ကုရင်း ဆေးရုံစောင့်ကြည့်လူနာ ဖြစ်သွားတာ”ဟု ၎င်းက ပြောသည်။


ကော့သောင်းမြို့နယ်တွင် နိုင်ငံခြားပြန်များကို မြို့နယ်အတွင်း စာသင်ကျောင်းများတွင် ၁၈၄ ဦး၊ ပုလုံးတုံးတုံး အရေးပေါ်ကယ်ဆယ်ရေးစခန်းနှင့် လေးမိုင်ပြန်လည်ထူထောင်ရေးဂေဟာတွင် ၈၉ ဦး၊ ဆေးရုံတွင် ၁ ဦး စုစုပေါင်း ၂၇၄ ဦး ကိုရိုနာရောဂါအခြေအနေ စောင့်ကြည့်နေကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။