တနင်္သာရီတိုင်းတွင် ငါးခိုးဖမ်းလှေ အများဆုံး

0
636

ကမ်းဝေးငါးဖမ်းလှေများတွင် VMS လှေခြေရာခံစောင့်ကြည့်စနစ် တပ်ဆင်ပြီးနောက် မြန်မာနိုင်ငံအတွင်းတနင်္သာရီတိုင်း ပင်လယ်ပြင်တွင်ငါးခိုးဖမ်းလှေ အများဆုံးဖြစ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ညွှန်ကြားစာအရ သိရသည်။


မြန်မာ့ပင်လယ်ကမ်းနီးရေပြင်နှင့် တားမြစ်ငါးဖမ်းကွက်များအတွင်း စည်းကမ်းပျက် ငါးခိုးဖမ်းသည့်လှေစုစုပေါင်း ၁၇၄ စီးရှိရာ ဧရာဝတီတိုင်းတွင် ၂၅စီး၊ ရခိုင်ပြည်နယ်တွင် ၁၅ စီး၊ မွန်ပြည်နယ်တွင် ၃ စီးရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ၁၃၁ စီး ပါဝင်ကြောင်းအထက်ပါညွှန်ကြားစာအရ သိရသည်။


ညွှန်ကြားချက်ပူးတွဲစာရင်းအရ တနင်္သာရီတိုင်းပင်လယ်ပြင်အတွင်း ကမ်းနီးရေပြင်တွင် ငါးခိုးဖမ်းသည့်တရွတ်ဆွဲ (ဒေသအခေါ် ဝါလပ်) နှစ်စီးရှိပြီး ကော့သောင်းခရိုင် တားမြစ်ငါးဖမ်းလုပ်ကွက်များ၊ လန်ပိကျွန်း (အာဆီယံ အဏ္ဏဝါအမျိုးသားဥယျာဉ်) အတွင်း ငါးဝင်ဖမ်းသည့် တရွတ်ဆွဲလှေ ၁၁စီး၊ ကင်းမွန်မီးထွန်းလှေ ၉၂ စီး၊ ဝိုင်းချုပ် (ဒေသအခေါ် ဝါတန်း) ၂၆ စီး ရှိနေသည်။


ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူးဦးအောင်ညီတိုးက မတ်လ၂၅ ရက်နေ့စွဲဖြင့် လက်မှတ်ရေးထိုးကာ တိုင်းနှင့်ပြည်နယ်များသို့ ညွှန်ကြားသည့် အထက်ပါညွှန်ကြားစာတွင် စည်းကမ်းပျက်လှေများကို စာဖြင့်သတိပေးရမည်ဟု ဖော်ပြပါရှိသည်။

စည်းကမ်းပျက်စာရင်းတွင်ပါဝင်သော ကော့သောင်းအခြေစိုက်လှေများကို စာဖြင့်သတိပေးရန် ပြင်ဆင်နေကြောင်း ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။


“ရုံးချုပ်က စာဝင်ထားတာရှိတယ်။ကမ်းနီးဧရိယာထဲမှာ VMS (စောင့်ကြည့် ရေးစင်တာ)မှာ သွားပေါ်တဲ့ လှေစာရင်းပေါ့။ အဲဒါတွေကို စာဖြင့်သတိပေးအကြောင်းကြားရန် ဆိုပြီးတော့လေ။ ကျွန်တော်တို့အဲဒီ (စည်းကမ်းပျက် စာရင်းပါ) လှေတွေကို စိစစ်နေတယ်။စိစစ်ပြီးတော့ ပါတဲ့လှေစာရင်းထဲက လှေ၊ ကုမ္ပဏီလှေတွေကို မှတ်တမ်းတင်စာ သတိပေးစာထုတ်ဖို့ ဆောင်ရွက်နေတယ်။ (တားမြစ်ဧရိယာထဲက)ပြန်လည် ထွက်ခွာဖို့ပေါ့နော်။ အဲဒါကျွန်တော်တို့ စာပြင်ဆင်နေပါပြီ”ဟု ၎င်းက ဆိုသည်။


ယင်းသို့ သတိပေးစာတွင် မည်သည့်နေ့နောက်ဆုံးဆက်လက်ကျူးလွန်ပါက မည်သို့ ပြစ်ဒဏ်ချမှတ်မည်ကို တိတိကျကျထည့်သွင်းပေးသင့်ကြောင်း ကမ်းဝေးလှေများ ငါးခိုးဖမ်းတတ်သည့် ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင်နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

“အများစုက VMSတွေ အလုပ်မလုပ်ဘူးလို့ မြင်နေကြပါတယ်။ VMS မှတ်တမ်းများအရ ကျူးကျော်ဖောက်ဖျက်တဲ့ လှေအမည်နဲ့ ကျူးကျော်တဲ့နေရာများကို အများသိသာအောင် ဖော်ပြသင့်ပါတယ်”ဟု ၎င်းက ပြောသည်။


ငါးခိုးဖမ်းခြင်းကို ကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် တနင်္သာရီတိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေများတွင် VMSစနစ်ကို၂၀၁၉ခုနှစ် အောက်တိုဘာလမှ စတင်တပ်ဆင်ခဲ့သည်။


တိုင်းအတွင်းကမ်းဝေးငါးဖမ်းငါးသယ်လှေ ၁၅၂၇ စီးရှိသည့်အနက် ၁၄၅၀ စီးတွင် VMS စနစ်တပ်ဆင်ပြီးဖြစ်ကာ ကျန်သည့်လှေများကတပ်ဆင်ရန်စာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဆိုထားသည်။