ကိုရိုနာအရေးပေါ်အတွက် တပ်မတော် အသင့်ပြင်

0
447

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် တပ်မတော်ကလည်းအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းတနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။


ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအရေးပေါ်အခြေအနေအတွက် တနင်္သာရီတိုင်းအတွင်းရှိ တပ်မတော်ဆေးရုံများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပ်မတော်ဆေးရုံများကိုပါအသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။


“အားလုံးကတော့အဆင်သင့်လုပ် ထားတာပေါ့။ အခုတို့တပ်မတော်ဆေးရုံတွေဆိုလို့ရှိရင်တကယ်လို့ဖြစ်လာခဲ့ရင်ဘယ်သူမဆိုပေါ့။ ဖြစ်လာခဲ့ရင်ထားလို့ပြုလို့ရအောင်ဆိုပြီးတော့မှအဆောင်တွေဆို ကုတင်တွေကအစအကုန်လုံး အဆင်သင့်လုပ်ထားတာ။ For Show (အပြ) လုပ်ထားတာမဟုတ်ဘူး။ ဖြစ်လာရင်ဆရာဝန်လည်းအဆင်သင့် ဆေးလည်း အဆင်သင့်။ ကုတင်၊ လူနာတွေအတွက် လည်းအဆင်သင့်ပါ”ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။


တပ်ဆေးရုံများတွင် စောင့်ကြည့်လူနာ၊ အရေးပေါ်လူနာတို့အတွက် သီးခြားအခန်းခွဲကာ ကြိုတင်စီစဉ်ထားပြီးတပ်မတော်ဆေးရုံမှန်သမျှ ယင်းသို့ပြင်ထားဖြစ်ကြောင်း ၎င်းကပြောသည်။


အဖျားတိုင်းစင်တာများဖွင့်လှစ်ကာ ရောဂါပိုးလက္ခဏာများရှာဖွေရာတွင်လည်း ဆေးတပ်မတော်ကပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိတွင်စားသောက်နေထိုင်ရေးနှင့် နယ်မြေအခြေအနေအရ ထိုင်းနိုင်ငံနှင့်ထားဝယ်ခရိုင်နယ်ခြား ထီးခီးနယ်စပ်ဂိတ်တွင်တပ်မတော်က ဆရာဝန် ၂ဦး၊ အမျိုးသားသူနာပြု ၄ဦးတို့ကို တာဝန်ချထားကာ ပူးပေါင်းဆောင်ရွက်နေ ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။


“ဖြစ်လာရင်ဝိုင်းလုပ်ကြတာပေါ့။ ဝိုင်းကာကွယ်ကြတာပေါ့။ ဒါက အမျိုးသားရေးအန္တရာယ်လည်းဖြစ်တယ်။ တစ်ကမ္ဘာလုံးနဲ့လည်းဆိုင်တဲ့ ရောဂါလည်းဖြစ်နေတာကိုး” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်း၏ ခရိုင်ဆေးရုံအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် လူနာများအတွက်သီးခြားအခန်းများ စီစဉ်ထားကြောင်းတိုင်းအစိုးရက ထုတ်ပြန်ထားသည်။