တနင်္သာရီတိုင်းတွင် ဧပြီတစ်လ လျှပ်စစ်ဓာတ်အား အခမဲ့ပေးရေး တိုင်းအစိုးရ နေပြည်တော်တွင် ငွေတောင်းခံ၊ ခွင့်ပြု မပြု မသေချာသေး

0
358

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလတွင် တနင်္သာရီတိုင်းဒေသကြီးမှ လျှပ်စစ်မီးသုံးစွဲသူများကို အခမဲ့ပေးနိုင်ရေး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုထံ ငွေတောင်းခံလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့များ (နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့များမပါ) အိမ်သုံး လျှပ်စစ်မီတာအတွက် ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားခကင်းလွတ်ခွင့် ယူနစ် ၁၅၀ အထိ ပေးအပ်မည်ဖြစ်ကြောင်း ကိုဗစ်နိုင်တီး ကာကွယ်၊ ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ယင်းမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားရရှိနေသော သုံးစွဲသူများအတွက် အလိုအလျောက်ခံစားခွင့်ရရှိမည်ဖြစ်ပြီး တနင်္သာရီတိုင်းကဲ့သို့ တိုင်းအစိုးရအစီအစဉ်ဖြင့် လျှပ်စစ်မီးသုံးစွဲနေသူများအတွက် အကျုံးဝင်ခြင်းမရှိပေ။

တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် မီးသုံးစွဲသူများအတွက်မူ သက်ဆိုင်ရာတိုင်းဒေသကြီး၏ အစီအစဉ်ဖြင့် သီးခြားဆောင်ရွက်ရန်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကြောင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာယူနစ် ၁၅၀ အခမဲ့သုံးစွဲနိုင်ရေးအတွက် တိုင်းအစိုးရက ပြည်ထောင်စုအစိုးရထံ ငွေတောင်းခံလိုက်ခြင်းဖြစ်သည်။ ယင်းအစီအစဉ်အတွက် ငွေကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို ပြည်ထောင်စုအစိုးရထံ တောင်းခံထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

တိုင်းအတွင်း Loyalty Fee (ခိုင်ကြေး) ပေးဆောင်ထားသည့် လျှပ်စစ်မီးပေးရေးလုပ်ငန်းများ၏ စာရင်းကောက်ယူတွက်ချက်ကာ တောင်းခံထားကြောင်း ၎င်းကဆိုသည်။

Loyalty Fee ဆိုသည်မှာ လျှပ်စစ်ဖြန့်ဖြူးသည့်ကုမ္ပဏီက လျှပ်စစ်ဌာန၏ လျှပ်စစ်မီးကြိုး၊ မီးတိုင်နှင့် အခြားလျှပ်စစ် ပစ္စည်းများအသုံးပြုသည့်အတွက် ဌာနထံ တစ်ယူနစ်လျှင် ၅ ကျပ်နှုန်းပေးသွင်းရခြင်းဖြစ်သည်။

ယင်းတောင်းခံထားသည့်ရန်ပုံငွေကို ပြည်ထောင်စုအစိုးရက ခွင့်ပြု/မပြု မသိရသေးကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။

“လတ်တလော အခြေအနေအရ တိုင်းထဲမှာဖြစ်ပေါ်နေတဲ့ ပြည်သူရဲ့အသံကို နားထောင်ပြီးတော့ အတတ်နိုင်ဆုံးကြိုးစားပြီး ဆောင်ရွက်ပေးနေတယ်”ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းနေ ပြည်သူများကလည်း အခွန်ထမ်းပြည်သူများဖြစ်သည့်အတွက် ဧပြီလအတွက် လျှပ်စစ်ယူနစ်ကြေး ကင်းလွတ်ခွင့်ကို အခြားတိုင်းနှင့်ပြည်နယ်နေပြည်သူများနည်းတူ တန်းတူခံစားခွင့်ရှိသင့်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီက ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားခ တန်းတူ ကင်းလွတ်ခွင့်ရရှိရေး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် အထူးအလေးပေး စီစဉ်ဆောက်ရွက်ရန် ယင်းပါတီက တိုက်တွန်းထားသည်။

တနင်္သာရီတိုင်းအတွင်း မဟာဓာတ်အားလိုင်းမရောက်သေးသည့်အတွက် ပုဂ္ဂလိကမီးလင်းရေး ကုမ္ပဏီ များက ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လျှပ်စစ်ဓာတ်အား သက်ဆိုင်ရာကုမ္ပဏီအပေါ် မူတည်ကာ တစ်ယူနစ် အနည်းဆုံး ၂၀၀ ကျပ် ကျသင့်သည်။

ကိုဇော်