အသေးစားချေးငွေလုပ်ငန်းများ ပိတ်မည်ကို စိုးရိမ်

0
362

ကိုရိုနာဗိုင်းစ်ရပ် ကူးစက်မှုလျှော့ချရန် လူစုခွဲသည့်အနေဖြင့် အသေးစားချေးငွေလုပ်ငန်း ဝန်ဆောင်မူပေးနေသည့် ကုမ္ပဏီများငွေမချေးတော့ဘဲ ပိတ်လိုက်မည်ကို ယင်းလုပ်ငန်းများတွင် ပုံမှန်ငွေချေးနေသူ လက်လုပ်လက်စားအချို့က စိုးရိမ်လျက်ရှိသည်။


ယင်းကုမ္ပဏီတို့မှ ချေးငွေထုတ်ချေးခြင်းမရှိတော့ပါက တရားမဝင်ငွေချေးနေသူများထံ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးရတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့မြောက်ရွာရပ်ကွက်တွင် နေထိုင်သည့် လက်လုပ်လက်စားအချို့က ပြောသည်။


တရားမဝင် ငွေတိုးချေးသူများသည် ကိုရိုနာဗိုင်းစ်ရပ်မဖြစ်ခင်က အတိုးနှုန်းမှာ တစ်လလျှင် တစ်ဆယ်ရာခိုင်နှုန်းဖြစ်သော်လည်း လက်ရှိအချိန်တွင် သုံးဆယ်ရာခိုင်နှုန်းအထိ အတိုးမြှင့်တင် ငွေချေးနေကြောင်း ၎င်းတို့က ပြောသည်။


ယင်းအတွက်ကြောင့် အသေးစားချေးငွေကုမ္ပဏီများ ပိတ်မည်ကိုစိုးရိမ်နေခြင်း ဖြစ်သည်။
“ကျွန်မတို့ကတော့ ပိတ်လိုက်ရင်တော့ ဒုက္ခပဲပေါ့။ အခုကို ကုမ္ပဏီတစ်ခု ပိတ်ထားတယ်လို့ပြောသံကြားနေရတယ်။ ပိတ်လိုက်ရင် ဘာဖြစ်မလဲဆိုတော့ ပိုက်ဆံချေးမရတော့ဘူးပေါ့။ သူ့မှာ မရရင် ရတဲ့သူဆီသွားချေး။ ကိုယ်ကလိုချင်တဲ့သူဆိုတော့ အတိုးကြီးလဲချေးနေရမှာပဲ” ဟု မြောက်ရွာရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။


တနင်္သာရီတိုင်း ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနစာရင်းအရ ထားဝယ်မြို့တွင် အသေးစားချေးငွေ ကုမ္ပဏီ ၁၃ ခုရှိပြီး ယင်းကုမ္ပဏီများအနက်တစ်ခုကို ဆယ်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့ ကုမ္ပဏီတစ်ခုတည်းတွင်ပင် အသေးစားငွေချေးသူ တစ်ထောင်ခန့် ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


တနင်္သာရီတိုင်း ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်ချိုချိုကမူ မတ်လ ၂၅ ရက်အထိ အသေးစားချေးငွေကုမ္ပဏီများဘက်မှ လုပ်ငန်းရပ်နားထားမည့် အကြောင်း တရားဝင်တင်ပြလာခြင်း မရှိသေးကြောင်းပြောသည်။


“သတင်းကြားနေရတာကတော့ အခုလူစုလူဝေးမလုပ်ရဘူးဆိုတော့ တချို့အဖွဲ့တွေက နားမယ်ပေါ့နော်။ ဒါပေမယ့် အတည်မဖြစ်သေးဘူး။ အတည်မပြုရသေးဘူးဆိုတာက နားမယ်ဆိုပြီး လာအသိမပေးကြသေးတာ”ဟု ဒေါ်ချိုချို က ပြောသည်။


အသေးစားချေးငွေကုမ္ပဏီများ သည် အနည်းဆုံးကျပ်ငါးသောင်းမှ အများဆုံးကျပ်သိန်းငါးဆယ်အထိ တစ်နှစ်အတိုး ၂၈ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးနေခြင်းဖြစ်ပြီး ယင်းချေးငွေကို အပတ်စဉ် သို့မဟုတ် လစဉ်အရစ်ကျစနစ်ဖြင့် ပြန်ဆပ်ရသည်။

ကျော်သူစိုး