အားလုံးကောင်းပါသည်ခင်ဗျား နှင့် တိုင်းအစိုးရအတွက် မေးခွန်း (၁၀) ချက်

0
700

(ရေးသူ မောင်သန့်ဇင်၊ မေးသူ လူအများ)

၁) တနင်္သာရီတိုင်း ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ အခု ဘယ်ရောက်နေပါသလဲ။ အခု ဒီအရေးကို ဘယ်သူဦးဆောင်နေ ပါသလဲ။ ခေါင်းဆောင်မှုနဲ့ ခေါင်းဆောင် ပိုင်းတာဝန်ခွဲဝေမှု သိရှိလိုပါတယ် ခင်ဗျား။ ဓာတ်ပုံမှတ်တမ်းတွေမှာ တနင်္လာနေ့ ကစပြီး ဥက္ကဋ္ဌဝန်ကြီးကို မတွေ့ရတော့ဘဲ ဝန်ကြီးချုပ်ကိုယ်တိုင် အောက်ခြေအထိ ဆင်းစီမံကွပ်ကဲနေတာ တွေ့ရလို့ပါ။ အခုလိုအချိန်မှာ တစ်ဦးချင်း အားလုံး ကျန်းကျန်းမာမာရှိနေဖို့ အရေးကြီးသလို၊ ဦးဆောင်မှု၊ စုဖွဲ့မှုဟာ သူ့တာဝန်နဲ့သူ အင်ပြည့်အားပြည့် ဖြစ်နေဖို့ လိုပါတယ် ခင်ဗျား။

၂) ကော်မတီက အစည်းအဝေး ဘယ်နှကြိမ်ခေါ်ပြီး ဘာတွေ ဆုံးဖြတ် ချက်ချပြီး ဘယ်လုပ်ငန်းတွေ အကောင် ထည်ဖော်နေပါသလဲ။ မြို့နယ်ခရိုင်အဆင့် နဲ့ တိုင်း ဘယ်လို ချိတ်ဆက်ထားပါသလဲ။ မြန်ဆန်သွက်လက်ပါသလား ခင်ဗျား။ (ကိုဗစ်ဆိုသည်မှာ ကနေ စမပြောဘဲ တိတိကျကျပြောစေလိုပါပြီ။)

၃) Contact Tracing အတွက် အသုံးဝင်မယ့် ခရိုင်တွေအတွင်း လူအဝင် အထွက် ကိစ္စတွေ မှတ်တမ်းယူဖို့ ဘာစီမံ ထားပါသလဲ။ စာရွက်တွေလား၊ Computer Data Base လား သိရှိလိုပါ သည်။ မည်သည့် အသင်းအဖွဲ့များ၊ ကျွမ်းကျင်သူများနဲ့ ပူးပေါင်းဆောင်ရွက် နေကြာင်း သိရှိလိုပါသည်ခင်ဗျား။
(ဂိတ်မှာ နေ့စဉ် ရာထောင်ချီတဲ့ ခရီးသည်တစ်ဦးချင်း မှတ်တမ်းယူပေးနေ ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်း စာပေးပါ။)

၄) ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်း တွေအတွက် ဘာပြင်ထားပြီးပြီလဲ။ ဘာတွေ ဘယ်လောက်ပေးထားတယ်ဆိုတဲ့ စာရင်း ကို သိရှိလိုခြင်း မဟုတ်ပါ။ အခြေအနေ တစ်ဆင့်ချင်းစီအလိုက် လိုအပ်ချက်နဲ့ ဖြည့်ဆည်းပေးထားမှု၊ အဆက်မပြတ် ထပ်မံဖြည့်ဆည်းရန် စီစဉ်ထားမှုနဲ့ ရရှိ နိုင်မှု အခြေအနေ အတိအကျ သိချင်ပါတယ်။

၅) Facility Quarantine တွေ အတွက် “မူ”က ဘာလဲ။ ဘယ်သူ့ကို ထားမယ်ဆိုတဲ့မူ ပြတ်ပြီလား။ မရှိသေး ရင် ဘယ်သူက ဆုံးဖြတ်မှာပါလဲ။ အဲဒီ နောက်မှာ အသေးစိတ်ပြင်ဆင်ရမယ့် ဌာန/ကော်မတီက ဘယ်သူ ဘယ်ဌာနပါလဲ။ စီစဉ်ပြင်ဆင်ထားမှု အခြေအနေကို သိချင် ပါတယ်။ အစားအသောက်၊ အသုံးအဆောင်၊ နိစ္စဓူ၀ အခြားလိုအပ်ချက်များ၊ စောင့်ကြပ်မှု၊ တာဝန်ခွဲဝေမှု၊ သတင်းပို့ အစီရင်ခံမှု စီမံချက် စာရွက်နဲ့ ထွက်ပါပြီလား။ မထွက်ရင် လက်တန်း ဆုံးဖြတ်သလား။ ဘယ်နေရာမှာ လူဘယ်နှဦးစာ ပြင်ထား တယ်ဆိုတာ မေးလိုခြင်း မဟုတ်ဘဲ အဆင့် အလိုက် ဆုံးဖြတ်စီမံမှု၊ တိကျတဲ့ တာဝန် ခွဲဝေမှု၊ ဘဏ္ဍာငွေနဲ့ အခြား ထောက်/ပို့ ကိစ္စများကို သိရှိလိုခြင်း ဖြစ်ပါသည်။

၆) လူထုအခြေပြု စောင့်ရှောက်ရေး နေရာတွေ (CBFQC) အတွက် ထိရောက် တဲ့ ပံ့ပိုးမှု ရှိနေပြီလား။ ပိုက်ဆံဘယ် လောက်ရှိတယ်။ တစ်မြို့နယ် ဘယ်လောက် ပေးထားပြီးပြီဆိုတာထက် ဒီပံ့ပိုးမှုကိုပဲ ရွာအထိ ဘယ်လောက်မြန်မြန်ရောက်မယ် ဘယ်လောက် ထိရောက်မယ်ဆိုတာ ဘယ်သူလိုက်ကြည့် ဆန်းစစ်သုံးသပ် နေပါသလဲ။ စာရင်းကောက်ယူမှုကအစ ဘယ်လိုနည်းနဲ့ ကောက်ယူပြီး ဒီစာရင်း တွေဟာ ဘယ်နှရာခိုင်နှုန်းအထိ မြေပြင် အခြေအနေကို ထင်ဟပ်ပါသလဲ။ အစီရင်ခံ ချက်တွေကို ဘယ်လို ဘယ်လောက်ရနေ ပါသလဲ။

၇) လိုအပ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေ ဘယ်လိုဆုံးဖြတ် ပြင်ဆင်နေပါသလဲ။ (လူစုလူဝေးမလုပ် သင့်ကြောင်း စသိချိန်၊ စာထုတ်သင့်တဲ့ အချိန်နဲ့ စာထွက်တဲ့အချိန် ဘယ်နှရက် ကြာခဲ့ပါသလဲ ဖြေကြည့်ပါ။ ဆိုက်ရောက် ပုံစံ တစ်ခုတည်းအတွက် ၈ ရက်တိတိ ကြာပါတယ်ခင်ဗျား။ ထွက်တော့လဲ ဘာမှ တိတိပပ မပါ။)

၈) စစ်ဆေးဂိတ်တွေရဲ့ လုပ်ငန်း လည်ပတ်ပုံ ရှင်းရှင်းလင်းလင်း ရှိပါ သလား။ ဘယ်သူက ဘယ်တာဝန်တွေ ခွဲဝေယူပြီး ဘယ်သူက စီမံကွပ်ကဲပါသလဲ။ ထားရှိတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်က ဘာလဲ။ သတင်းပို့ အစီရင်ခံလျှင် ဘယ်သူက ဆုံးဖြတ်ချက် ပေးပါသလဲ။ ထောက်ပံ့မှုက ဘာတွေဖြစ်ပါလဲ။ လူကြီး မင်းများ သွားရောက်ကြည့်ရှုအားပေးတော့ မည်သည့်အချက်များ တွေ့ပါသလဲ။ ဘာတွေတင်ပြလိုက်ပါသလဲ ခင်ဗျား။

၉) လူထုတစ်ရပ်လုံးအားနဲ့ လုပ်ရမှာ ဖြစ်တဲ့အတွက် ပြန်ကြားဆက်သွယ်ရေး ထိရောက်အောင် ဘယ်လို စီမံထားပါ သလဲ။ ရပ်ကွက်^ကျေးရွာ၊ မြို့နယ်၊ ခရိုင်တွေရဲ့ ပကတိအခြေအနေတွေကို အစိုးရထံ ဘယ်လိုနည်းနဲ့ ရောက်နေပါ သလဲ။ ဘယ်သူတွေက ဘယ်လိုနည်းနဲ့ သတင်းအချက်အလက်စုပြီး ဆုံးဖြတ်နိုင် တဲ့သူတွေဆီ ဘယ်လောက်မြန်မြန်ရောက် ပါသလဲ။ လူထုဆီ သတင်းအချက်အလက် ဘယ်လိုပေးပါသလဲ။ သူများမေးမှ ပြော သလား။ ဘယ်သတင်းအချက်ကို ဘယ် အချိန်မှာ ဘယ်လိုနည်းနဲ့ ပြည်သူကို အစီရင်ခံမယ်ဆိုတာ ဆုံးဖြတ်ရေးသား ထားပါသလား။

၁၀) ဆန်စင်ရာ ကျည်ပွေ့လိုက် မဟုတ်ဘဲ မဟာဗျူဟာမြောက် အရင်း အမြစ် စုရုံးပြင်ဆင်မှု၊ စီမံခန့်ခွဲမှုဖြစ် အောင် ကျွန်တော်တို့ ဘယ်လောက်ထပ် စောင့်ရဦးမှာလဲ။ ပြင်ဆင်နေပါပြီလား ခင်ဗျား။

လူကြီးမင်းများခင်ဗျား

စစ်တုရင် ကစားနည်းမှာတော့ အန္တရာယ်ကြီးလေ ဘုရင်ရုပ်သည် ငြိမ်လေ၊ လုံအောင်စီမံရလေ ဖြစ်ပါတယ်။ ဘုရင်ရုပ် လှုပ်နေရရင် ကစားကွက် ပျက်ပါတယ်။

စစ်တုရင်မှာတော့ အောင်ပွဲရချင်ရင် အရုပ်တွေရဲ့ စွမ်းပကားနဲ့ အသုံးဝင်မှုကို သိရပါတယ်။ နေရာချထားတဲ့ တစ်ကွက် ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်နဲ့ ထိရောက်မှုကို သိရပါတယ်။ ဆုံးဖြတ်ပြီး ရင် ရဲရဲရွှေ့ရပါတယ်။

ကစားကွက်တစ်ခုလုံးရဲ့ အချိတ် အဆက်မိမှု နဲ့ ပြုလွယ်ပြောင်းလွယ်မှုဟာ ပကတိအခြေအနေကို သိမှု၊ ကွက်ကျော် မြင်မှု အပေါ်မှာ မူတည်ပါတယ်။

တစ်ဖက်က လှုပ်ရှားမှုတိုင်းမျက်ခြည် မပြတ်သိနေဖို့၊ သုံးသပ်အကြံထုတ်နေဖို့၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ တည်ငြိမ် တဲ့ စူးစိုက်မှု လိုပါတယ်။

အခု အားလုံးကောင်းပါသည် ခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

(စာကြွင်း။ ။ မေးရမယ့်အချိန်ဖြစ်လို့ မေးခြင်းသာ ဖြစ်ပါသည်။ ဘာမှမလုပ်ဘဲ ထိုင်မေးနေခြင်းလဲ မဟုတ်ပါ။ ပြည်သူတွေ သည် ပြည်သူအလုပ်ကို ကျေပွန်အောင် လုပ်နေကြပါသည် ခင်ဗျား။)

မောင်သန့်ဇင်
(ဦးသန့်ဇင်သည် ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်ပြီး MATA – Myanmar Alliance for Transparency and Accountability ၏ ဦးဆောင်ကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံအစိုးရမှ အဖွဲ့ဝင်အဖြစ် ပါဝင် အကောင်ထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံတွင်းထွက်သယံဇာတ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး -MEITI တွင် သုံးပွင့်ဆိုင်အဖွဲ့ – အရပ်ဘက်ကိုယ် စားလှယ်တစ်ဦးအဖြစ်လည်းကောင်း၊ MEITI နှင့် ဆက်စပ်သော အခြား လုပ်ငန်းအဖွဲ့ – Task Force များတွင် လည်း ပါဝင်တာဝန်ထမ်းဆောင်လျက် ရှိသည်။ ထို့အပြင် တနင်္သာရီတိုင်းဒေသ ကြီး လွှတ်တော်ကော်မရှင် အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။)