ထားဝယ်တက္ကသိုလ်ရှိ စောင့်ကြည့်စခန်း လူ ၄၀၀ အတွက် အသင့်ပြင်ထား ဟုဆို

0
372

နေရပ်ပြန်သူ ၄၀၀ ဦးအထိ အဆင် သင့် စောင့်ကြည့်စခန်းချနိုင်ရန် ထားဝယ် တက္ကသိုလ်တွင် အဆင်သင့်ပြင်ဆင်ထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

လက်ရှိတွင် လူဦးရေ ၁၂၀ အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ရာခင်းနှင့် တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများဖြစ်သည့် ရေခွက်၊ ဆပ်ပြာ အစရှိသည့် ပစ္စည်းများကို အဆင်သင့် ပြင်ထားကြောင်း ၎င်းက ဆိုသည်။

ကျန်ရှိသည့် လူ ၂၈၀ ဦးအတွက် ပစ္စည်းများကိုအခုရက်ပိုင်းအတွင်း ဖြည့်ဆည်းမည်ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

ထားဝယ်တက္ကသိုလ်ရှိ ဗထူးဆောင် ကို စောင့်ကြည့်စခန်းအဖြစ် ပြင်ဆင်ထား ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ ၉ ဦးနှင့် ဝန်ထမ်း ၁ ဦးကို စောင့်ကြည့် နေသည်။

လက်ရှိတွင် ကိုရိုနာရောဂါဂယက် ကြောင့် ထိုင်းနိုင်ငံမှ ပြန်လာမည့်သူများ ရှိနေသေးပြီး ၎င်းတို့ပြန်လာပါက ထို နေရာတွင် ၁၄ ရက်ကြာ စောင့်ကြည့်မည် ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆို သည်။

“နောက်ဝင်လာမယ့် အနေအထား ဘယ်လောက်အတိုင်းအတာအထိ ရှိမလဲ ဆိုတာ ကျွန်တော်တို့ မပြောနိုင်ဘူး။ ထိုင်းဘက်က ဝင်လာမယ့်အနေအထား ကလည်း ကျွန်တော်တို့နိုင်ငံသားတွေ အများကြီးကျန်သေးတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ စောင့်ကြည့်စခန်းတွင် အင်တာနက် ဝိုင်ဖိုင်တပ်ဆင်ပေးရန် စီစဉ် နေပြီး နံနက်စာ၊ နေ့လယ်၊ ညစာနှင့် သောက်ရေသန့်ကို လိုအပ်သလောက် ဖြည့်ဆည်းပေးထားကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းအပြင် လူတစ်ဦးလျှင် အအေး သံဘူးနှစ်ဘူးနှုန်းပေးထားကြောင်း ၎င်းက ပြောသည်။

“ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အရက်လုံး၀ မသောက်ရဘူးဆိုတာ”ဟု ဦးအောင်စိုးမိုးက ဆိုသည်။

ထားဝယ်တက္ကသိုလ်တွင်စီစဉ်ထား သည့် နေရာမလုံလောက်ပါက ထားဝယ် နည်းပညာတက္ကသိုလ်တွင်လည်း စီစဉ် ထားကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း လူဦးရေ တစ်သောင်းကျော်ကို ရပ်ရွာအခြေပြု စောင့်ကြည့်ရေးစခန်း လုပ်နိုင်သည့် နေရာ ၃၁၇ ခုပြင်ဆင်ထားသည်။ ဧပြီလ ၁ ရက် အထိ ၈၆၄ ဦးကို စောင့်ကြည့်နေကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

Dawei Watch