လက်ဖက်ရည် မှောင်ခိုသောက်ရသော ခေတ်

0
789

တကယ်တော့ ထိုမျှ အထိဖြစ်လာ မည်ကို ပြီးခဲ့သည့် တစ်လကျော်နှစ်လ လောက်က မည်သူမျှ ခန့်မှန်းခဲ့မည် မဟုတ်ပါ။

သို့သော် ယခုတော့ အမှန်တကယ်ပင် လက်ဖက်ရည်မှောင်ခို ထိုင်သောက်၊ ထမင်းမှောင်ခို ထိုင်စားရသည့် ခေတ်ကာလကို ဖြတ်သန်းနေရပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင်က ပြစ်မှုမြောက် သည်။ ထမင်းနှင့် စားသောက်ဆိုင် ထိုင်စားက ပြစ်မှုမြောက်သည့် ခေတ် ရောက်နေပေပြီ။

ကိုရိုနာရောဂါပိုးဂယက်ကြောင့် ထားဝယ်ခရိုင်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အအေးဆိုင်၊ ထမင်းဆိုင် များတွင် ပါဆယ်သာရောင်းချရတော့ ခြင်းမှ ဇာတ်လမ်းက စသည်။

လက်ဖက်ရည်ကို ဆိုင်တွင်ထိုင်ပြီး သောက်ရမှ စိတ်ကျေနပ်သူများ၊ လက်ဖက်ရည်သောက်ရင်း ထွေရာလေးပါး စကားပြောချင်သူများအတွက်မူ ယင်း အချက်က ကြီးမားသည့် စိန်ခေါ်မှုကြီး ပင်ဖြစ်သည်။

ထိုသူများက ပါဆယ်ဆွဲသောက်ရ ခြင်းထက် ဆိုင်တွင်ထိုင်ပြီး သောက်ရ သည့်အရသာကို နှစ်ပေါင်းများစွာ ခုံမင် လာကြသည့်အတွက် လက်ဖက်ရည်ဆိုင်တွင် ထိုင်သောက်ရမည့် မှောင်ခိုဈေး ကွက်က အလိုလိုပေါ်လာသည်။

ထားဝယ်မြို့တွင် လူကြိုက်များ သည်ဟုဆိုနိုင်သည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဆိုင်ထိုင်ကာ လက်ဖက်ရည် သောက်လိုကြောင်း ပြောသောအခါ ကနဦး တွင် ပါဆယ်သာရောင်းမည်ဟု ပြောဆို ခဲ့သည်။ ပါဆယ်ဖြင့် ရောင်းမည်ဆို သဖြင့် လှည့်ထွက်မည်ပြင်သောအခါ ထိုဆိုင်ပိုင်ရှင်ဟုယူဆရသော အမျိုးသား တစ်ဦးက လှမ်းခေါ်လိုက်သည်။

“သုံးမိနစ်လောက်တော့ ဆိုင်ထဲမှာ သောက်လို့ရမယ်”ဟု ၎င်းအမျိုးသားက ဆိုလာသည်။

ထိုကြောင့် ဆိုင်ထဲဝင်ကာ လက်ဖက်ရည်တစ်ခွက်နှင့် မုန့်တစ်ခုကိုမှာပြီး ဆိုင်အခင်းအကျင်းကို လေ့လာကြည့် သောအခါ ဆိုင်ထဲတွင် တစ်ဝိုင်းလျှင် ခုံနှစ်လုံး၊ သုံးလုံးစီချထားသည့် စားပွဲ ဝိုင်းသုံးဝိုင်းကို မြင်တွေ့ခဲ့သည်။

လက်ဖက်ရည်ဆိုင်ရှင်အချို့ကလည်း ထိုသူတို့၏ အသားကျနေသည့် လူနေမှုစနစ်ကို နားလည်သည့်အတွက် ဆိုင်အပြင်ဘက်မှ လှမ်းမမြင်နိုင်သည့် နေရာများတွင် စားပွဲနှစ်လုံး၊ သုံးလုံးကို လက်ဖက်ရည်ဆိုင်ထောင့်နေရာများ တွင် ခင်းကျင်းပေးထားသည်။

ထိုစားပွဲဝိုင်းတွေကို ဆိုင်အပြင်ဘက်မှ အမှတ်တမဲ့ကြည့်မည်ဆို သိပ်မသိသာ လှပါ။

ယင်းစားပွဲဝိုင်းကို၊ အဆင့်ဆင့်စီ ထားသော ထိုင်ခုံများ၊ မုန့်ထည့်ထားသော ဗီရိုများဖြင့် အကာအကွယ်ယူကာ ခင်းထားသည်။

ထားဝယ်မြို့အတွင်းရှိ လူကြိုက် များသည်ဟုဆိုနိုင်သည့် လက်ဖက်ရည် ဆိုင်တစ်ဆိုင်၏ ခင်းကျင်းထားသည့် ပုံစံများဖြစ်သည်။

ဆိုင်အတွင်း ထောင့်နေရာများတွင် ခင်းထားသည့် စားပွဲ ၃ လုံးတွင် လူလတ်ပိုင်းတစ်ဦးက တစ်ဝိုင်း၊ လူကြီးပိုင်းနှစ်ဦး ကတစ်ဝိုင်း လက်ဖက်ရည် ထိုင်သောက် နေကြသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူတစ်ဦးကလည်း ၎င်းကိုယ်တိုင် လက်ဖက်ရည်မှောင်ခို သောက်ရသည့် အဖြစ်ကို ပြန်ပြောင်းပြောပြသည်။

“လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး နှစ်နဲ့ချီသောက်လာတော့ အခုဆို ကိုယ်တိုင်လည်း မှောင်ခိုသမားဖြစ်သွားတယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

လက်ဖက်ရည်ဆိုင်ရှင်အချို့ကလည်း ဆိုင်တွင်ထိုင်ပြီး သောက်ရမှအရသာ တွေ့နေသူတွေ အတွက် ရောင်းပေးလို သော်လည်း တစ်ဖက်မှာလည်း တာဝန်ရှိ သူများထုတ်ပြန်ထားသည့် အမိန့်ညွှန် ကြားချက်များကို ကြောက်ရွံ့နေရသည်။

ထားဝယ်မြို့ပေါ် လက်ဖက်ရည်ဆိုင် တော်တော်များများတွင် ပါဆယ်သာ ရောင်းသည်။ သို့သော် ထုံးစံအတိုင်း အချို့ဆိုင်များတွင်တော့ ဆိုင်အတွင်း ပုန်းလျှိုးကွယ်လျှိုး သောက်နိုင်သေးသည်။ မှောင်ခိုသောက်နိုင်နေသေးသည်။

အနည်းဆုံး သုံးမိနစ်လောက်တော့ ဆိုင်အတွင်း သောက်နိုင်နေသေးသည်။

လက်ဖက်ရည်ကို မှောင်ခိုသောက်ရ ပေမယ့် ဈေးကတော့ ယခင်ဈေးနှုန်း အတိုင်းပင် အပြောင်းအလဲမရှိပေ။

မယုံမရှိပါနှင့် လက်ဖက်ရည် မှောင်ခို ဈေးကွက်အပြင် ထမင်းဆိုင် မှောင်ခိုဈေး ကွက်လည်း ပူးတွဲပေါ်နေသည်။

Dawei Watch