တစ်ခါက ဗလာစာအုပ်လေးတွေ

236
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လွန်ခဲ့သော တနင်္ဂနွေနေ့က သူငယ်ချင်း တစ်ယောက်ဆီသို့ အလည်သွားရင်း တွေ့ခဲ့ရသည့် မြင်ကွင်းတစ်ခုက ရင်ထဲ မကောင်း။ စိတ်မကောင်းခြင်း၏ အနောက်တွင် သတိရလွမ်းဆွတ်ခြင်းကလည်း အလို အလျောက် ကပ်ပါလာသည်။ အဟောင်းတို့ ပြန်မသစ်နိုင်တော့ဘဲ အလေအလွင့်ဘ၀ ရောက်ကြရသည်ကို မြင်ရခြင်းကြောင့် ဖြစ်သည်။

ဟိုး . . . ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို . . .။

။ ။။ ။

ငယ်ငယ်က အစ်ကိုကြီး၊ ညီလေး နှစ်ယောက်နှင့်အတူ မြိတ်မြို့ ကန်ခေါင်း ရပ်ကွက် မန္တလေးကျောင်းလမ်းရှိ ဖေဖေ့ အစ်ကိုနှင့် ညီမတို့၏ အိမ်တွင်နေကာ ကျောင်းတက်ခဲ့ရသည်။

တက်သည့်ကျောင်းက ဗဟိုကျောင်း (ယခု အ.လ.က(၆))။ သီတင်းကျွတ်၊ ဒီဇင်ဘာ၊ နွေရာသီ ကျောင်းပိတ်ရက် ကဲ့သို့သော ရက်ရှည် ကျောင်းပိတ်ရက်များမှ အဖေနှင့် အမေတို့ ရှိရာ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာ အုပ်စု၊ သဲအော်ကျေးရွာသို့ ပြန်ကြရသည်။

အချို့နှစ်များတွင်မူ သီတင်းကျွတ် နှင့် ဒီဇင်ဘာ ပိတ်ရက်များတွင်ပင် ရွာကို ပြန်ခွင့်မရ။ ရွာသို့ ရောက်လျှင် ကျောင်းဖွင့် ရက်နီး၍ ကျူရှင်များ ပြန်ဖွင့်သည့်တိုင် ကျွန်တော်တို့က မြိတ်သို့ ပြန်မလာချင် ကြသေးသည်ကို ဦးကြီးနှင့် ဒေါ်လေးတို့က သိထားသောကြောင့်ပင်။

ကျွန်တော်တို့ ကလေးများဘက်က အမြင်မှာတော့ သူတို့က အပျိုကြီးလူပျိုကြီး များပီပီ သိပ်ချုပ်ချယ်ကြသည်။ စည်းကမ်း ကြီးကြသည်ဟုလည်း ဆိုနိုင်သည်။ သည်မှာနေ၊ သည်မှာထိုင်၊ သည်ကိုစား၊ သည်မှာအိပ်၊ သည်မှာနား အစရှိသဖြင့် ပုံသွင်းသည်။ သို့ကြောင့်ပင် ရွာကို ပြန်ရပြီ ဆိုလျှင် မြိတ်ကို ပြန်မလာချင်တော့ပါ။ သို့သော်လည်း မရ။ အောင်စာရင်းတွေ ထွက်ပြီးလျှင် မျက်ရည်ကိုယ်စီ အထုပ် ကိုယ်စီနှင့် ရွာကို ကျောခိုင်းရစမြဲ။

ကျွန်တော်ဆို ဇွန်လ ကျောင်းပင် ပြန်မဖွင့်သေး။ နွေရာသီကျောင်းပိတ်ရန် ဘယ်နှရက်လောက် လိုသေးသည်ကို ကြို၍ သိချင်နေမိသည်။ နွေရာသီကျောင်း ပိတ် ရွာပြန်ချိန်က ကျွန်တော်တို့ကို အဲလောက်အထိ ဆွဲဆောင်နိုင်သည်။

ငယ်ဘ၀နှင့် ပတ်သက်ပြီး မမေ့နိုင်စရာ များစွာအနက် နွေရာသီကျောင်းပိတ် ရွာပြန်ချိန်ပြီးလျှင် နောက်တစ်ခုမှာ လက် လုပ် ဗလာစာအုပ်လေးများအကြောင်း ဖြစ်သည်။

နွေရာသီ ကျောင်းပိတ်ချိန် ရွာမပြန်ခင် မှာ ကျွန်တော်တို့ လုပ်ရလေ့ ရှိတာတစ်ခု က တစ်နှစ်ပတ်လုံး သုံးထားသည့် ဗလာ စာအုပ်များကို အဖုံးသန့်သန့် စာရွက်သန့် သန့် ခွဲထုတ်ရခြင်း ဖြစ်သည်။ ခွဲထုတ် ထားသော စာရွက်များထဲမှ မသုံးလိုက်ရ ဘဲ အကောင်းသား ရှိနေသေးသည့် စာရွက်များကို ထပ်မံရွေးထုတ်ရသည်။ ပြီးလျှင် စာအုပ်အဖုံးများကို တစ်အိတ်၊ သုံးပြီးသား စာရွက်များကို တစ်အိတ်၊ စာရွက်ကောင်းများကို တစ်အိတ် ခွဲထုတ် ရသည်။

ပုံနှိပ်စာအုပ်များကိုလည်း တစ် အိတ် သီးသန့် ထားရသည်။ ပြီးရင်တော့ အိတ်တွေကို သယ်၍ ပြည့်စုံဖယောင်းတိုင် ဆိုင်အနီးရှိ အဟောင်းပစ္စည်းဆိုင်သို့ သွားရောင်းရသည်။ ပိုက်ဆံ မည်မျှရခဲ့သည် ကို မမှတ်မိတော့။ သို့သော် ထိုစဉ်က ကျွန်တော် တအားပျော်ခဲ့သည်ကိုကား မှတ်မိသည်။ စာအုပ်အဖုံးများကိုတော့ အဟောင်းပစ္စည်းဆိုင်က မဝယ်ပါ။ ထို ကြောင့် အဒေါ်က ဈေးသွားလျှင် သူ့အသိ ဈေးသည်များကို ငပိတို့ မန်းကျည်းသီးတို့ ထုပ်ရအောင် ပေးသကဲ့သို့ အီကြာကွေး ရောင်းသမားကိုလည်း အီကြာကွေး ထုပ် ရအောင် ပေးလေ့ရှိသည်။ နောက်ဆုံး ကျန်သည်ကိုကား သူမွေးထားသည့် ကြောင် များ အီးပါလျှင် ကျုံးပစ်ဖို့ သိမ်းထားတတ် သည်။

ပုံနှိပ်စာအုပ်များကိုကား နောက်တစ် နှစ် အတန်းတက်မည့် ညီများအတွက်ဖြစ် စေ အိမ်နီးနားချင်း ကလေးများကိုဖြစ်စေ လက်ဆင့်ကမ်းပေးရန် အဒေါ်က သိမ်း ထား၏။ ကျန်သည့် စာရွက်အလွတ်များ ကိုကား ဦးကြီးက သိမ်းထားလေသည်။

ဤစာအုပ်ကိစ္စကြီး ဖြေရှင်းပြီးသော် မှ ကျွန်တော်တို့ကို လာခေါ်ရန်အတွက် အဖေနှင့် အမေဆီ အကြောင်းကြား ပေးကြ သည်။ ပျော်လိုက်ရသည့် ဖြစ်ခြင်း။ အထုပ် ကိုယ်စီက အသင့်။

အောင်စာရင်း မထွက်မီ အချိန်အထိ ရွာတွင် ကျွန်တော်တို့ စိတ်ကြိုက် ကစားခွင့် ရသည်။ အောင်စာရင်း ထွက်ပြီးသည်နှင့် အဖေက မြိတ်သွားမည့်လှေကို စုံစမ်း၊ အမေက ကျွန်တော်တို့ အဝတ်များကို ထုပ်သည်။ ကျွန်တော်ကား မြိတ်လှေ မရှိဖို့ ဆုချည်း တောင်းနေတော့သည်။

သို့သော်လည်း နောက်ဆုံး၌ ကျွန်တော်တို့ မြိတ်ကို ပြန်ကြရသည်လေ။ ရောက်ပြီး နောက်တစ်ရက်တွင် ကျူရှင် စတက်ရ တော့သည်။ အခြားကလေးများ လို စာအုပ်အသစ်နှင့် ကျူရှင်တက်ခွင့် ကျွန်တော်တို့တွင် မရ။ ဦးကြီး၏ လက်လုပ် စာအုပ်များကိုသာ သုံးကြရသည်။

စာအုပ်များကား စာမျက်နှာ ရှစ်ဆယ်လည်းရှိ သည်။ တစ်ရာလည်း ရှိသည်။ မရေတွက် နိုင်အောင် ထူသည်လည်း ရှိသည်။ မနှစ် က ကျွန်တော်တို့ ခွဲထုတ်ထားသည့် စာရွက် အလွတ်များကို ဦးကြီးက အသေအချာထပ်၍ သူ၏လက်သုံးတော် တူတစ်လက်၊ ဂုန်နီအိတ် ချုပ်သည့် အပ်တစ်ချောင်းနှင့် နိုင်လွန်ကြိုး များကို သုံးပြီး ဖန်တီးထားခြင်း ဖြစ်သည်။ ထိုစာအုပ်များကို ကျူရှင်စာအုပ်အဖြစ် ကျွန်တော်တို့ သုံးကြရသည်။ တစ်အုပ်ဆို လျှင် ကျောင်းဖွင့်ပြီး နှစ်လ သုံးလတိုင် မကုန်တတ်။ စာအုပ်အသစ်လိုချင်သော် ငြား လက်ထဲရှိ စာအုပ်ကလည်း မကုန်သေး မဟောင်းသေး။ အဟောင်းကို အသစ် လုပ်ပေးထားသော ဦးကြီး၏ လက်ရာက ထူ၍ ခိုင်လည်း ခိုင်၏။ သည်စာအုပ်များ ကို ကျွန်တော်ကသာ မလိုချင်သော်လည်း သူငယ်ချင်းများကမူ အတော် စိတ်ဝင်စား ကြသည် ။ ဆရာမကလည်း မကြာမကြာ စာအုပ်က ထူထူနှင့် ခိုင်ခန့်ကြောင်း သဘောကျကြောင်း သူငယ်ချင်းများ အရှေ့တွင် ပြောတတ်သည်။ ဤသို့ဆိုလျှင် လည်း ပျော်တတ်သူကား ကျွန်တော်ပင်တည်း။

“ဒီစာအုပ် အိတ်တွေက ဘာလုပ်ဖို့လဲ”

လွန်ခဲ့သော တနင်္ဂနွေနေ့က သူငယ် ချင်းအိမ်သို့အသွား အိမ်အဝင်ပေါက်တွင် စုပုံချထားသော စာအုပ်ပုံကြီးကို တွေ့၍ ကျွန်တော် မေးလိုက်မိသည် ။

“ဘာမှ မလုပ်ပါဘူးကွာ။ ငါ့ညီလေး တွေရဲ့ စာအုပ်တွေ။ အမှိုက်ကား လာရင် ပစ်ဖို့ ပုံထားတာ”
ကျွန်တော် တစ်အုပ်ကောက်ယူ ကြည့်လိုက်သည်။ ဆယ်မျက်နှာခန့်သာ စာရေးထားသေးသည့် စာမျက်နှာ ရှစ်ဆယ် ပါ ဗလာစာအုပ်တစ်အုပ် ဖြစ်နေသည်။

နောက်တစ်အုပ် ထပ်ယူကြည့်သည်။ အတော်များများ သုံးထားပြီး ဆိုသော်လည်း အနောက်နားတွင် မသုံးရသေး သည့် စာရွက်ကောင်းများ ရှိနေသေး၏။ ကျွန်တော့် သူငယ်ချင်းတွင် ညီသုံးယောက် နှင့် ညီမနှစ်ယောက် ရှိသည်။ အားလုံးက ကျောင်းသားချည်းမို့ ပုံထားသည့် စာအုပ် များက မနည်းလှ။

“စက္ကူ တန် ၁၀၀၀ ရဖို့ သစ်ပင် ၁၅၀၀၀ ကို ခုတ်လှဲရတယ်”ဟု ကျွန်တော် စာအုပ်တစ်အုပ်၌ ဖတ်ခဲ့ဖူးသည်။ ငယ်ငယ် က ကိုင်ခဲ့ဖူး ရေးခဲ့ဖူး သုံးခဲ့ဖူး မုန်းခဲ့ဖူး သည့် စာအုပ်ထူကြီးများကို မျက်လုံးထဲ မြင်ယောင်လာသည်။

“အမှိုက်ကား လာပြီ။ ကိုယ့်ဟာကိုယ် ယူပြီး လာပစ်ကြ”

အိမ်ရှေ့တွင် အမှိုက်ကား ရပ်လိုက်သည်နှင့် သူငယ်ချင်းက လှမ်းအော်လိုက် ၏။ သူ၏ ညီနှင့်ညီမများက စာအုပ်များ ကို သိမ်းကျုံးကာ အမှိုက်ကားပေါ် အားပါးတရ ပစ်တင်လိုက်ကြသည်။

ဟိုး . . . ကျွန်တော် ငယ်ငယ်တုန်းကဆို . . . ။ ။

ဆွေး(မြိတ်)