တနင်္သာရီ နောက်ဆုံးရ သတင်းများ (ဧပြီ ၃၊ ၂၀၂၀၊ ညနေ ၆ နာရီခွဲ)

0
3731

| Dawei Watch တင်ဆက်သည် |

ကော့သောင်းမှ လူနှစ်ဦး၏ ဓာတ်ခွဲနမူနာပို့

ကော့သောင်းဆေးရုံ ပြင်ပလူနာဌာနတွင် သေဆုံးသွားသည့် အမျိုးသားနှင့် ဇနီးဖြစ်သူတွင် ကိုရိုနာရောဂါပိုးရှိ/မရှိ စစ်ဆေးရန် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းတွင် ဓာတ်ခွဲနမူနာပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

ကော့သောင်းမြို့နေ အသက် ၄၀ နှစ်အရွယ် အမျိုးသားက လည်ပင်းနာပြီး ဖျားသည့်အတွက် ယနေ့နံနက်တွင် ကော့သောင်းဆေးရုံ ပြင်ပလူနာဌာနတွင် လာပြစဉ် ခဏအကြာ၌ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ပြန်လာသူဖြစ်ပြီး ရပ်ရွာစောင့်ကြည့်ရေးစခန်းတွင် နေထိုင်သူ ဖြစ်ကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။

လက်ရှိတွင် ဇနီးဖြစ်သူကို ကော့သောင်းဆေးရုံရှိ သီးသန့်လူနာဆောင်အတွင် ထားရှိကြောင်း ၎င်းက ဆိုသည်။

“ဆုံးသွားတဲ့လူကြီးရော သူ့မိန်းမ(နမူနာ)ကိုရော ပို့မယ်၊ ဒီနေ့ညနေ လေယာဉ်နဲ့ ပါသွားမယ်”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

သေဆုံးသူကို နေအိမ်တွင် ဆေးထိုးပေးခဲ့သည့် ကျန်းမာရေးဆရာမတစ်ဦးကိုလည်း စောင့်ကြည့်ရန်ရှိကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဓာတ်ခွဲလူနာ ယနေ့ည အဖြေထွက်ဖွယ်

ထားဝယ်ဆေးရုံကြီးမှ ဓာတ်ခွဲနမူနာပို့ထားသူနှစ်ဦး၏ ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲအဖြေကို ယနေ့ည ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောကြားသည်။

ယင်းဓာတ်ခွဲ နမူနာနှစ်ခုကို ဧပြီလ ၂ ရက်နေ့က ပို့ထားခြင်း ဖြစ်သည်။ ထားဝယ်ဆေးရုံးကြီး သီးသန့်လူနာဆောင်ရှိ လူနာတစ်ဦးနှင့် သေဆုံးသွားသည့် ဘုန်းကြီးတစ်ပါး၏ ဓာတ်ခွဲနမူနာကို ပေးပို့ထားခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) ၁၁ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှ သိရသည်။ထားဝယ်ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၈ ဦး၊ ကံပေါက်တိုက်နယ်ဆေးရုံတွင် ၁ ဦး၊ မြိတ်ဆေးရုံတွင် ၁ ဦးနှင့် ကော့သောင်းဆေးရုံတွင် ၁ ဦးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကံပေါက်တိုက်နယ်ဆေးရုံရှိ လူနာအဟောင်းမှာ သက်သာသည့်အတွက် ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီး လက်ရှိ ရှိနေသည့်စောင့်ကြည့်လူနာက လူနာအသစ်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တိုင်းအစိုးရရုံး ဝင်ခွင့် ကန့်သတ်

ကိုရိုနာရောဂါပိုး ဂယက်ကြေင့် တိုင်းအစိုးရရုံးအတွင်း ဝင်ခွင့်ကို ကန့်သတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

မတ်လ ၃၀ ရက်နေ့မှစကာ ပြည်သူများအား တိုင်းအစိုးရဖွဲ့ရုံးအတွင်း ဝန်ကြီးများနှင့် တွေ့ဆုံမှုကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။

“စာတွေဘာတွေကိုလည်း ဂိတ်မှာပဲ ပေးရမယ်။ အကယ်၍များ တစ်အားအရေးကြီးလို့ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဦးနဲ့ တွေ့မယ်ဆိုရင် ဂိတ်ကနေပြီးတော့ ဖုန်းဆက်ပေးပါလိမ့်မယ်။ အရေးကြီးလို့ ဝန်ကြီးကနေ တွေ့ခွင့်ပေးမှသာလျှင် တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးကျော်မင်းက ပြောသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လက်မှတ်ထိုးရမည့် ရုံးတွင်းစာများ၊ ကုမ္ပဏီများ၏ တည်ကော်လက်မှတ်ထိုးရမည့်စာများနှင့် အခြားစာများကို အစိုးရရုံးပေါက်ဝရှိ ဂိတ်တွင် လက်ခံပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးထံ ယူသွားသည့် စနစ်ကို ကျင့်သုံးနေသည်။