တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (ဧပြီ ၂၊ ၂၀၂၀၊ ညနေ ၆ နာရီခွဲ)

0
7575
ဖျားခြင်း၊ အသက်ရှုကြပ်တို့ကြောင့် ပျံလွန်သွားသော ဘုန်းကြီး၏ ရုပ်အလောင်း မီးသင်္ဂြုဟ်ရန် သယ်ဆောင်လာစဉ်၊ (ဓာတ်ပုံ - ကိုဇော်)
ဖျားခြင်း၊ အသက်ရှုကြပ်တို့ကြောင့် ပျံလွန်သွားသော ဘုန်းကြီး၏ ရုပ်အလောင်း မီးသင်္ဂြုဟ်ရန် သယ်ဆောင်လာစဉ်၊ (ဓာတ်ပုံ - ကိုဇော်)

ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်ရေး ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ရမည် 

ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ကိုရိုနာထိန်းချုပ်ရေးလုပ်ငန်းစဉ်အားလုံးတွင် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။ 

ထားဝယ်ဒေသအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ပြည်တော်ပြန်များကို ကိုယ်ပိုင်အစီအစဉ်ဖြင့် ရပ်ရွာ အခြေပြုစောင့်ကြည့်ရေး စခန်းများ ထားရှိ လုပ်ဆောင်နေသည်။ သို့သော် အချို့သော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ ထိုအစီအစဉ်ကို မဖြစ်မနေ လုပ်ဆောင်ရန် မလိုအပ်ကြောင်း ထင်မြင်ယူဆနေဆဲ ဖြစ်သည်။ 

လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာတွင် သံဃာတော်တစ်ပါး ဖျားခြင်း၊ အသက်ရှုကြပ်တို့ကြောင့် ပျံလွန်သွားပြီးနောက် ယင်းသံဃာတော်နှင့် ထိတွေ့ခဲ့သူများကို ၁၄ ရက် စောင့်ကြည့်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ကျေးရွာ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများထံမှ သိရသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေနှင့် ရောဂါပိုး ထိန်းချုပ်ရေးတွင် ပူးပေါင်းခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိက အရေးယူမည်ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ဆိုသော်လည်း မည်သို့အရေးယူမည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးကမှု အထက်ပါဖြစ်စဉ်ဖြစ်ပွားပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား အရေးယူမည့် ကိစ္စညွှန်ကြားထားခြင်းမရှိသေးကြောင်း ပြောဆိုခဲ့သည်။

ကိုရိုနာစောင့်ကြည့်လူနာ ထားဝယ်တွင် လေးဦးထပ်တိုး

ထားဝယ်ဆေးရုံကြီးတွင် ကိုရိုနာရောဂါ ဆေးရုံစောင့်ကြည့်လူနာ၇ ဦးရှိလာပြီး ယမန့်နေ့ကထက် လေးဦးတိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ထားဝယ်တွင် ဆေးရုံစောင့်ကြည့်  (Hospital Quarantine)  လူနာစုစုပေါင်း ၇ ဦးရှိပြီး  စောင့်ကြည့် (ဓာတ်ခွဲနမူနာမပို့) ၅ ဦး၊ ဓာတ်ခွဲနမူနာပို့လူနာ  ၂ ဦး ရှိကြောင်း အထက်ပါဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။

ဓာတ်ခွဲနမူနာပို့ လူနာ နှစ်ဦးအနက် တစ်ဦးက ပိုးမတွေ့ အဖြေရရှိထားပြီး  တစ်ဦးက ယနေ့ပို့ထားဆဲ ဖြစ်သည်။ ယင်းအပြင် ထားဝယ်ဆေးရုံကြီးတွင် သေဆုံးသွားသည့် ဘုန်းကြီးတစ်ပါး၏ ဓာတ်ခွဲနမူနာကိုလည်း ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားသည်။ ယင်းအဖြေမသိရသေးပေ။ “တချို့ကကျတော့ ဖျားတယ်ပေါ့၊ တချို့က ကျတော့ မောတယ်ပေါ့နော်”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) အဖြစ် ထားဝယ်ဆေးရုံကြီးတွင် ၇ ဦး၊ မြိတ်ဆေးရုံတွင် ၁ ဦး (ပိုးမတွေ့အဖြေထွက်ပြီး) ၊ ကံပေါက်တိုက်နယ်ဆေးရုံတွင် ၁ ဦးရှိကြောင်း ပြည်သူကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ကိုရိုနာရောဂါ သံသယလူနာ ၆ ဦးကို ဓာတ်ခွဲစစ်ဆေးရာ ၄ ဦးတွင် ပိုးမတွေ့အဖြေထွက်ပြီး ၂ ဦး၏ ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

ထားဝယ်မြို့ လမ်းမကြီးများ ပိုးသတ်ဆေးဖြန်းမည်

ထားဝယ်မြို့အတွင်းရှိ အဓိကလမ်းမကြီးများတွင် ကလိုရင်းပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဧပြီလ ၃ ရက် ည ၉ နာရီတွင် ဖျန်းမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။

မီးသတ်ယာဉ်အတွင်း ကလိုရင်းပိုးသတ်ဆေးထည့်ကာဖြန်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့အတွင်းရှိ ဆန်းချီလမ်းဆုံတြိဂံမှ ဗိုလ်ချုပ်ကြေးရုပ်အထိ(ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း)၊ အစိုးရအဖွဲ့ရုံးလမ်းဆုံမှ ရေးလမ်းရှိ ၇ လမ်းထိပ်အထိ(ရေးလမ်း)၊ မြိတ်တန်းလမ်းဆုံမှ ဟိန္ဒူမမဘုရားလမ်းဆုံအထိ(နိဗ္ဗာန်လမ်း၊ ဆေးရုံလမ်း)၊ ကရပ်ပြင်လမ်းဆုံမှ ညောင်ပင်ကြီးလမ်းဆုံအထိ(ရွှေတောင်စားဘုရားလမ်း) ၊ လမ်းဆုံကြီးမှ မင်းရပ်ကူးတို့ လမ်းဆုံအထိ (ဗိုလ်ချုပ်လမ်း) ဖြန်းမည်ဖြစ်သည်။

ကလိုရင်းပိုးသတ်ဆေးဖြန်းခြင်းကို Covid-19 ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ခရိုင်) ကလည်း ဈေးများ၊ ဘုရားများ၊ အစိုးရရုံးအချို့နှင့် လေဆိပ်တို့ အစရှိသည့်နေရာများတွင်လည်း လုပ်ဆောင်နေသည်။

မြိတ်အခြေအနေ

အရက်ဆိုင်များအတွက် အမိန့်

မြိတ်မြို့နယ်အတွင်းရှိ အရက်ဖြူဆိုင်များနှင့် ဘီယာ၊ဝိုင်၊ နိုင်ငံခြား အရက်မျိုးစုံကို ကောက်တာဖွင့်ပြီး ရောင်းချနေသည့် စားသောက်ဆိုင်များအား ဆိုင်ဥပစာတွင်း/ပြင် တို့တွင် စားသောက်တည်ခင်းရောင်းချခြင်း လုံးဝမပြုလုပ်ရန် ဧပြီလ ၁ ရက်နေ့က မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်လိုက်သည်။ 

အဆိုပါ ထုတ်ပြန်ချက်မှာ ဧပြီလ ၃၀ ရက်နေ့အထိဖြစ်ပြီး ထုတ်ပြန်ချက်အား မလိုက်နာပါက တည်ဆဲဥပဒေများနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်စာတွင် ‌ရေးသားထားသည်။

စောင့်ကြည့်ရေးစခန်း

မြိတ်တက္ကသိုလ်ဝင်းရှိ ပုလဲရာဇာအဆောင်တွင် နေရပ်ပြန်သူများအတွက် ၁၄ ရက်ကြာ စောင့်ကြည့်ရေးစခန်းကို ဧပြီလ ၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေးစခန်းအား မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု အေးရိပ်ချောင်သာသနာ့ရိပ်သာတွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။

သုံးပေအကွာ

မြိတ်မြို့ပေါ်ရှိ ကွမ်းယာဆိုင်များတွင် သုံး‌ပေအကွာဖြင့် ဝယ်ယူမည့်စနစ်အား ဧပြီလ ၁ ရက်နေ့မှစပြီး မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်ပြီး လိုက်လံပြုလုပ်ပေးနေပြီဖြစ်သည်။

သုံးပေအကွာ စနစ်ကို စည်ပင်ကော်မတီက မသတ်မှတ်ခင်အချိန်က မြိတ်မြို့ အောင်ဆန်းလမ်းမကြီးပေါ် ရှိ ကွမ်းယာဆိုင်အချို့တွင် သုံးပေခွာ စနစ်ဖြင့် ဝယ်ယူရန် စီစဉ်ထားပြီးဖြစ်သည်။

နယ်စပ် ကျန်းမာရေးစစ်ဆေးရေးဂိတ်

တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်လာနေကြသည့် နေရပ်ပြန်များအတွက် ကိုရိုနာ ရောဂါပိုး ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မောတောင်တွင် ကျန်းမာရေး စစ်ဆေးရေးစခန်းတစ်ခု ဖွင့်လိုက်သည်။ 

သိန်းခွန်းကျေးရွာအုပ်စု၊ အမှတ် (၉ ) ကျေးရွာ တွင် မတ်လ ၃၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ 

ယင်းအပြင် တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာတွင် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသူများအတွက် ၁၄ ရက် စောင့်ကြည့်ရေးစခန်းတစ်ခုကို ဧပြီလ ၁ ရက်နေ့မှစပြီး စတင်ဖွင့်လှစ်ထားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

Dawei Watch