ထားဝယ်မှ သံသယရှိနှင့် သေဆုံးလူနာနှစ်ဦး၏ ဓာတ်ခွဲ နမူနာ ပို့မည်

0
6782

ထားဝယ်ဆေးရုံကြီးတွင် သီးခြား စောင့်ကြည့်နေသော သံသယရှိ လူနာတစ်ဦးနှင့် ဖျားနာပြီး အသက်ရှုကြပ်ပျံလွန်တော်မူသော သံဃာတော် တစ်ပါးတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိ ဓာတ်ခွဲစစ်ဆေးရန် ရန်ကုန်သို့ ဓာတ်ခွဲနမူနာ ပို့ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

သံသယရှိ စောင့်ကြည့်လူနာမှာ ထားဝယ်မြို့နယ်နေ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားဖြစ်ပြီး မတ်လ ၃၁ ရက်နေ့က ထားဝယ်ဆေးရုံကြီးသို့ တက်ရောက်ကုသနေသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖျားတယ်၊ ချောင်းဆိုးတယ်၊ နောက်ပြီးတော့ သူကိုယ်တိုင်သွားတာမဟုတ်ပေမယ့် ထိုင်းဘက်က လူတွေက သူ့တို့ဆီအဝင်အထွက်ရှိတယ်ပေါ့”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

ထို့အပြင် လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာမှ ဘုန်းကြီးတစ်ပါးက ဖျားပြီး အသက်ရှူကြပ်နေသည့်အတွက် လောင်းလုံးဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ ဧပြီလ ၁ ရက်နေ့တွင် လွှဲပို့လာကြောင်း ၎င်းက ဆိုသည်။

အဆိုပါဘုန်းတော်ကြီးမှာ ထားဝယ်ဆေးရုံကြီး ပြင်ပလူနာဌာနတွင်ပင် ပျံတော်မူသွားကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။ထိုဘုန်းကြီးက မတ်လ ၃၀ ရက်နေ့တွင်ရန်ကုန်မြို့မှ ပြန်လာသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူ့ကိုတော့ နမူနာတော့ ယူထားတယ်ပေါ့နော်၊ နမူနာပို့မယ်ပေါ့နော်”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

၎င်းနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို စောင့်ကြည့် (Quarantine) ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မတ်လ ၂၅ ရက်နေ့မှစ၍ ကိုရိုနာရောဂါ သံသယလူနာ ၄ ဦးကို ဓာတ်ခွဲစစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ရပေ။

မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့စာရင်း အရ ကိုရိုနာရောဂါပိုးတွေ့ရှိသူ လူနာ စုစုပေါင်း ၁၅ ဦး ရှိပြီ ဖြစ်ပြီး တစ်ဦးမှာ ဆုံးပါးသွားပြီဖြစ်သည်။

Dawei Watch