တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၁ ရက်၊ ညနေ ၆ နာရီခွဲ)

0
261

ဆေးရုံစောင့်ကြည့်လူနာ နှစ်ဦးတိုး

တနင်္သာရီတိုင်းအတွင်း မတ်လ ၃၁ ရက်နေ့စာရင်းအရ ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) နှစ်ဦးတိုးလာကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

ရေဖြူဆေးရုံတွင် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကံပေါက်ဆေးရုံတွင် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ဖြစ်ပြီး နှစ်ဦးစလုံးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖျားတယ်၊ ချောင်းနည်းနည်းဆိုးတယ်ပေါ့၊ ဒါပေမယ့် serious (စိုးရိမ်ရတာ) မဟုတ်ဘူး”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

မတ်လ ၃၁ ရက်နေ့တွင် ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) အဖြစ် ထားဝယ်ဆေးရုံကြီးတွင် ၃ ဦး၊ မြိတ်ဆေးရုံတွင် ၁ ဦး၊ ကော့သောင်းဆေးရုံတွင် ၁ ဦးနှင့် ကံပေါက်တိုက်နယ်ဆေးရုံနှင့် ရေဖြူဆေးရုံတို့တွင် ၁ ဦးစီရှိကြောင်း ပြည်သူကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း မတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၄ ဦးကို ဓာတ်ခွဲစစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ရပေ။ ထိုကြောင့် တိုင်းအတွင်း ဓာတ်ခွဲစစ်ဆေးခံထားရသော သံသယလူနာ မရှိပေ။



ထားဝယ်ခရိုင်အတွင်း ဆိုင်မထိုင်ရတော့

ထားဝယ်ခရိုင်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသည့်စနစ်ဖြင့် ရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း ခရိုင် Covid-19 ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်သည်။

အဆိုပါဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များကို စာထုတ်ညွှန်ကြားခဲ့သည်။

လူစုလူဝေးနှင့် လူထပ်ထပ်သည့်နေရာများဖြစ်နိုင်သည့် စားသောက်ဆိုင်၊ ထမင်းဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင် လက်ဖက်ရည်ဆိုင်များအပြင် ဒေသတွင်း ကျယ်ပြန့်စွာရောင်းချနေသည့် ထားဝယ်မုန့်လက်သုပ်ဆိုင်အပါအဝင် ဆိုင်အားလုံး အကျုံးဝင်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


ခရီးသည် နေရပ်အပြည့်အစုံ မရေးသဖြင့် အတိုင်ခံရမည်

မြိတ်မြို့ကို နိုင်ငံခြားသားများ တင်ဆောင်လာသော အဝေးပြေးမော်တော်ယာဉ်လိုင်းတစ်ခု ဧည့်သည်များနှင့် အမည်နှင့် နေရပ်လိပ်စာ အပြည့်အစုံ မရေးသည့် အတွက် သက်ဆိုင်ရာ ယာဉ်ကော်မတီတိုင်ကြားရန် စီစဉ်နေသည်။

ရန်ကုန်မြို့မှ မြိတ်မြို့သို့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်လာသော အဝေးပြေးယာဉ် တစ်စီးတွင် နိုင်ငံခြား ခရီးသွား သုံး ဦး တင်ဆောင်လာသော်လည်း ၎င်းတို့၏ နေရပ်လိပ်စာ အပြည့် အစုံ မရေးဟုဆိုကာ မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို တိုင်ကြားရန် စီစဉ်နေခြင်း ဖြစ်သည်။

ကော်မတီသို့ ပေးသည့် စာရင်းတွင် နိုင်ငံခြားသားများ၏ အမည်နှင့် နေရပ်လိပ်စာ အတိအကျမပါသော်လည်း လမ်းတစ်လေ ွ်ာက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် မိတ္တူများ ပေးခဲ့ပြီး ဖြစ်ကြောင်း ယာဉ်လိုင်း တာဝန်ရှိသူက ဆိုသည်။ နိုင်ငံခြားသားများကို မြိတ်မြို့ရှိ စောင့်ကြည့်ရေး စခန်းတွင် ၁၄ ရက် စောင့်ကြည့်ထားရှိသည်။


သုံးပေ အကွာ ခပ်ခွာခွာ ဝယ်ကြမည်

မြိတ်မြို့ရှိ ဆိုင်အချို့တွင် လူအများ ခပ်ခွာခွာနေကာ ဝယ်ယူရေး စီစဉ်လာကြသည်။

မြိတ်မြို့ အောင်ဆန်းလမ်းမကြီးပေါ် ရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် လူများလာချိန်တွင် သုံးပေခွာ စနစ်ဖြင့် ဝယ်ယူရန် စီစဉ်ထားသည်။

“ကိုယ့်အသိစိတ်နဲ့ ခပ်ကွာကွာလေးကနေ ဝယ်ယူအားပေးချင်တဲ့စိတ်နဲ့ လုပ်ထားတာပါ” ဟု စိုင်းစိုင်းကွမ်းယာဆိုင်ရှင် ကိုစိုင်းက ပြောသည်။

မြိတ်မြို့နယ် အပါအဝင် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အများအပြားတွင် ဆိုင်ထိုင်စနစ် ခွင့်မပြုတော့ဘဲ ပါဆယ်သာ ဝယ်ခွင့်ပြုထားသည်။

ဓာတ်ပုံ = မြင့်မိုရ်(မြိတ်)