“Home Quarantine ကို ပြန်ဖျက်လိုက်တယ်”

0
2127

ဝန်ကြီး ဦးဟိုပင်နှင့် တွေ့ဆုံခြင်း

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရ၏ ကြိုတင်ပြင်ဆင်မှု အခြေအနေများကို တိုင်းဒေသကြီး Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဝန်ကြီးဦးဟိုပင်နှင့် တွေ့ဆုံမေးမြန်းချက်များအနက်မှ ကောက်နုတ် ဖော်ပြလိုက်သည်။

တနင်္သာရီအပတ်စဉ် – တိုင်းအစိုးရ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကာကွယ်ကုသရေးသုံး ပစ္စည်းတွေကို ဘယ်လို ပြင်ဆင်ထားလဲခင်ဗျား။

ဝန်ကြီးဦးဟိုပင် – တို့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပစ္စည်းဝယ်ယူမှုအနေ နဲ့ အိန္ဒိယနိုင်ငံထုတ် PPE ဝတ်စုံ ၁၀၀၊ ပြည်တွင်းထုတ် PPE က အစုံ ၅၀၀ (ဝယ်ထားပြီး) ၊ အသက်ရှူစက် ၄ လုံးကို မှာထားပြီး၊ ပိုက်ဆံလွှဲထားပြီးပြီ။ သာမိုမီတာအချောင်း ၇၀ ကို တိုင်းဒေသကြီးဦး ဆောင်ကော်မတီအနေနဲ့ ဝယ်ထားတာ။

တနင်္သာရီအပတ်စဉ် – ဒီပစ္စည်း တွေကိုက ဘယ်လိုဖြန့်ဝေမှာလဲခင်ဗျား။

ဝန်ကြီးဦးဟိုပင်- တိုင်းထဲက ဆေးရုံတွေနဲ့ လိုအပ်တဲ့နေရာတွေကို ခွဲဝေပေးဖို့ပေါ့လေ၊ ဇမ္ဗူသီရိတို့လည်း ပါလိမ့်မယ်။ ပြည်ထောင်စုကျန်းမာရေး ဝန်ကြီးဌာနကနေ တိုင်းကျန်းမာရေးကို လွှဲပေး(ထောက်ပံ့)တာတွေလည်း ရှိသေး တယ်။ ကော်မတီကနေ တိုင်းအစိုးရ အဖွဲ့ကို တင်သွင်း(တင်ပြ)ထားတဲ့ ဆေးဝါး နဲ့ လိုအပ်တဲ့ဆေးပစ္စည်း ခန့်မှန်းတန်ဖိုးက ကျပ်၂၈၈၆ သိန်းဖိုးကိုဝယ်ဖို့ စီစဉ်နေ တယ်။

တနင်္သာရီအပတ်စဉ် – တိုင်းထဲမှာ ဆေးရုံမဟုတ်တဲ့ ဘုန်းကြီးကျောင်းတို့၊ ကောလိပ်တက္ကသိုလ် စသဖြင့် နေရာတွေ မှာ Quarantine လုပ်ဖို့ ဘယ်လိုအစီအမံ တွေ လုပ်ထားလဲ။

ဝန်ကြီးဦးဟိုပင် – ဆေးရုံ Quarantine နဲ့ Facility Quarantine နှစ်မျိုး ခွဲထားတာပေါ့နော်။ ဆေးရုံက စီစဉ်ထား တဲ့နေရာက ထားဝယ်မှာ ၃ နေရာကွယ့်။ ဆေးရုံသီးသန့်လူနာဆောင်က တစ်ခု၊ ဆေးရုံအုပ်ကြီးရုံး(ဓာတ်ခွဲဌာန) အဆောက် အအုံက တစ်ခု၊ ပထမနေရာမှာပြည့်ရင် ဒုတိယနေရာပေါ့လေ၊ တတိယနေရာက တော့ သီတဂူဆေးရုံပေါ့လေ။
ဒီအပြင် ခရိုင်အုပ်ချုပ်ရေးလိုင်း ဘက်က စီစဉ်ထားတဲ့နေရာကတော့ တို့ ထားဝယ်မြို့နယ်မှာဆိုရင် ရွှေဝယ်သီရိ မိုးလုံလေလုံ အားကစားခန်းမ၊ မြို့တော် ခန်းမ အဲဒီမှာလည်း စီစဉ်ထားတယ်။

ဒါတွေက Plan B တွေ Plan C တွေဖြစ် သွားတာပေါ့။ ခုနက ဦးစားပေးနေရာ တွေမှာ လူတွေလိုတာထက် ပိုလာ ပြီဆိုရင် ဒီနေရာတွေကို ဆက်ပြီး အသုံးပြု မှာပေါ့။

ရေဖြူမှာလည်း မိုးလုံလေလုံ အားကစားခန်းမ၊ ကလိန်အောင်မှာ ကျတော့ လမ်းအထူး-၂၃ အဆောက်အအုံ ဒါက ရေဖြူမြို့နယ်ပေါ့။

လောင်းလုံးမှာဆို မိုးလုံလေလုံ အားကစားခန်းမ၊ သရက်ချောင်းမှာ မိုးလုံလေလုံအားကစားခန်းမနဲ့ မြို့နယ် ခန်းမ။

မြိတ်မြို့နယ်အတွက်က အေးရိပ် ချောင်ဘုန်းကြီးကျောင်း၊ မြိတ်တက္ကသိုလ်၊ တန်ဖိုးနည်းအိမ်ရာ သုံးနေရာပေါ့။

ကျွန်းစုမှာကျတော့ ပြည်သူ့ဆေးရုံ နှစ်ထပ်တိုးချဲ့အဆောင်၊ မြို့နယ် မိုးလုံ လေလုံအားကစားခန်းမ ၂ နေရာ။

ပုလောက ပြည်သူ့ဆေးရုံအဆောက် အအုံမှာ စီမံထားပါတယ်။ တနင်္သာရီ မှာဆို တနင်္သာရီမြို့နယ်ခန်းမ။

ကော့သောင်းမှာက ၄ မိုင် ပြန်လည် ထူထောင်ရေးဂေဟာ၊ နောက် ယာယီခိုလှုံ ရာ အဆောက်အအုံ (မုန်တိုင်းဒဏ်ခံ အဆောက်အအုံ)၊ အလက ၁ အဏ္ဏဝါ ရပ်ကွက်၊ အလက ၂ ပိတောက်ရွှေဝါ ရပ်ကွက် ကော့သောင်းမှာ လေးနေရာဖြစ် သွားမယ်။

ဘုတ်ပြင်းမှာက ပြည်သူ့ဆေးရုံမှာ သီးသန့်လူနာဆောင်မှာက တစ်နေရာ၊ အမှတ်၁၈ ကုတင် ၁၀၀ တပ်နယ်ဆေးရုံ မှာက တစ်နေရာ ဘုတ်ပြင်းမှာ ၂ နေရာပါ။

ပြည်ကြီးမဏ္ဍိုင်မှာက တိုက်နယ် ဆေးရုံမှာက တစ်နေရာ၊ ကရသူရိ တိုက်နယ်ဆေးရုံမှာက သီးသန့်လူနာ ဆောင် တစ်နေရာရှိတယ်။

မနေ့က အစည်းအဝေးဆုံးဖြတ် ချက်အရ ရပ်ကွက်တွေ ကျေးရွာတွေထဲ မှာရှိတဲ့ မူလတန်းကျောင်းတွေကို လိုအပ် ရင် အသုံးပြုဖို့အတွက် ခွင့်ပေးဖို့ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနကို တောင်းဆိုထားတာ ရှိတယ်။ ကျောင်း ပိတ်နေချိန်ဆိုတော့ လိုအပ်ရင် မူလတန်း ကျောင်းတွေကို အသုံးပြုချင်အသုံးပြု ခွင့်ပေါ့လေ။ ကြားဖြတ်တစ်ခုသိထား တာက မောင်းမကန်ရွာမှာ (နိုင်ငံခြားမှ) ပြန်လာသူတွေကို Quarantine ထားဖို့ အတွက် မောင်းမကန် အထက ကျောင်း ကို အသုံးပြုနေတယ်။ ကံယုံဆရာတော်ရဲ့ အစီအမံနဲ့ပေါ့။ ထိုနည်းလည်းကောင်း ပန္ဒလဲရွာမှာလည်းပဲ အဆိုတင်ထားတယ်။ ပန္ဒလဲ အထကကျောင်းပေါ့လေ။

တနင်္သာရီအပတ်စဉ် – ဒီ Quarantine က ပြည်ပက ပြန်လာသူတွေ Quarantine လုပ်ဖို့လား၊ ဆေးရုံက လုပ်တဲ့ Quarantine လား ခင်ဗျား။

ဝန်ကြီးဦးဟိုပင် – ပြည်ပပြန်တွေ အတွက်။ ဆေးရုံကတော့ ဆေးရုံသံသယ ရှိတယ်ဆိုမှ သူက ထားတာကိုး။ အခု ရပ်ကျေးတွေမှာ ဖြစ်နေတာက ပြည်ပက ပြန်လာတဲ့ ရောဂါရှိတဲ့နိုင်ငံက ပြန်လာ သူတွေကို ၁၄ ရက်စောင့်ကြည့်ဖို့ ထားတဲ့သဘောလေ။ အဲဒီမှာ သံသယ ရှိလို့ သူ့ရဲ့အင်္ဂါရပ်တွေက ရောဂါအင်္ဂါ ရပ်ရှိမှ ဆေးရုံကို တစ်ဆင့်သွားတာ။

တနင်္သာရီအပတ်စဉ် – Quarantine လုပ်ဖို့အတွက် ပြည်ပကပြန်လာသူတွေ ညွှန်ကြားချက်အတိုင်းလိုက်နာစေဖို့ အတွက် အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား ထားတာမျိုးရှိလားခင်ဗျား။

ဝန်ကြီးဦးဟိုပင် – မနေ့က အစည်း အဝေးဆုံးဖြတ်ချက်မှာ ဒါလည်းပါ တယ်။ ညွှန်ကြားချက်ထုတ်တာလေ။ မြို့နယ်အုပ်ချုပ်ရေးတွေ ရပ်ကျေးအုပ်ချုပ် ရေးအထိပေါ့လေ။

တနင်္သာရီအပတ်စဉ် – ဒါဆိုရင် ပြည်ပက ပြန်လာသူတွေက အိမ်မှာ Quarantine မလုပ်ရဘူး၊ Quarantine လုပ်ရမယ့် နေရာမှာပဲ လုပ်ရမှာပေါ့။

ဝန်ကြီးဦးဟိုပင်- ဟုတ်တယ်။ Home Quarantine ကို ပြန်ဖျက်လိုက်တယ်။ Home Quarantine အစားရပ်ကျေးတွေကနေ လုပ်တဲ့ Quarantine နေရာမှာပဲ လုပ်ကြမယ်ဆိုပြီးတော့လေ။

တနင်္သာရီအပတ်စဉ်- ဒီအတွက် (Quarantine လုပ်ခံရသူတွေရဲ့) စားဝတ် နေရေးကျတော့ သူ့ရဲ့ မိသားစုဝင်တွေ ကပဲ တာဝန်ယူရမယ်ဆိုမျိုးလားခင်ဗျား။

ဝန်ကြီးဦးဟိုပင် – မိသားစုဝင် တွေပဲ တာဝန်ယူရမယ်ဆိုမျိုး မဟုတ် ဘူး။ သူတို့က ပံ့ပိုးကူညီပေးကမ်းမယ် ဆိုရင် စောင့်ကြည့်အဖွဲ့တွေကတစ်ဆင့် ပေး ပေးမယ်။ ပြည့်စုံမှုမရှိဘူး လိုအပ်မှု ရှိရင်လည်းပဲ တိုင်းအစိုးရကနေတစ်ဆင့် လိုအပ်ချက်ရှိတဲ့ မြို့နယ်အုပ်ချုပ်ရေး ကတစ်ဆင့် တိုင်းအစိုးရကနေ ထောက်ပံ့ ဖို့ရှိပါတယ်။ အလုံးစုံတာဝန်ယူတာတော့ မဟုတ်ဘူး။ ပြည်သူနဲ့ ပူးပေါင်းတာပေါ့ ကွယ်။

တနင်္သာရီအပတ်စဉ် – ကမ်းခြေ တွေကို ပိတ်လိုက်တာ ထားဝယ်ခရိုင် တစ်ခုပဲ ထုတ်ပြန်တာမျိုး တွေ့ရတာ ပေါ့ခင်ဗျား။ ထားဝယ်ခရိုင်မှာတောင် လောင်းလုံးမြို့နယ်ကို အဓိကထားပြီး ထုတ်ပြန်တာမျိုး တွေ့ရတာပေါ့ခင်ဗျား။ ဆိုတော့ တစ်တိုင်းလုံးမှာရှိတဲ့ ကမ်းခြေ တွေကိုရော ဘယ်လိုစီမံမှာလဲခင်ဗျား။

ဝန်ကြီးဦးဟိုပင် – ဒါတွေကိုတော့ ခရိုင်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး လိုအပ်သလိုမျိုး စီမံခွင့်ပေးထားတယ်။ ထားဝယ်မှာတော့ ခရိုင်ကော်မတီမှာ ဥက္ကဋ္ဌက ခရိုင်အုပ်ချုပ်ရေးမှူးကိုး။ ခရိုင် ကော်မတီအစည်းအဝေးကနေ ဆုံးဖြတ် တဲ့သဘောရှိတယ်။ မြိတ်ခရိုင်ကဆို မြိတ်ခရိုင်အစည်းအဝေးမှာ ဆုံးဖြတ်လိမ့် မယ်။ ကော့သောင်းက သူ့ခရိုင်အလိုက် ကော်မတီတွေရှိပါတယ်။ ကမ်းခြေကို ပိတ်လိုက်ပြီဆိုတာနဲ့ ခရီးသွားလာမှု ပိတ်လိုက်ပြီဆိုတာနဲ့ ဟိုတယ်တွေက အော်တိုလူမရှိဘူး ဖြစ်နေမှာပေါ့ကွယ်။

ကမ်းခြေကို ပိတ်လျက်နဲ့ ဟိုတယ် တွေမှာလာတည်းနေတာမျိုး ရှိလာရင် လည်းပဲ ဒုတိယအဆင့် ဖြစ်ချင်ဖြစ်လာ မှာပေါ့။

တနင်္သာရီအပတ်စဉ် – ဒေသတွင်း မှာ အခုမနက်အထိ မင်္ဂလာဆောင်တွေ ရှိနေတုန်း ပေါ့ခင်ဗျားအလှူတွေရော။

ဝန်ကြီးဦးဟိုပင် – ဟုတ်ပါတယ်။ မနေ့က အစည်းအဝေးမှာ ဒါတွေကို တင်(ဆွေးနွေး)တယ်။ မင်္ဂလာဆောင်ရော ဘာသာရေးအရ ဝတ်ပြုခြင်းပေါ့၊ ခရစ်ယာန် တွေ တနင်္ဂနွေနေ့တိုင်း ဝတ်ပြုတာ၊ အစ္စလာမ်တွေဆို သောကြာနေ့တိုင်း ဝတ်ပြုတာလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သာသနာရေးဦးစီးဌာနက စာထုတ်ဖို့၊ ခရိုင်ကလည်း စာထုတ်မယ်။ မနေ့က ဆုံးဖြတ်ကြတယ်။ ရပ်နားပေးဖို့ပေါ့။ အတတ်နိုင်ဆုံးမလုပ်ကြဖို့ပေါ့။ မဖြစ် မနေ လုပ်မှရမယ်ဆိုရင်လည်း ကျန်းမာ ရေးဌာနက ညွှန်ကြားထားတဲ့အတိုင်းပေါ့ လေ။ တစ်ယောက်နဲ့ တစ်ယောက် သုံးပေ အကွာက နေရမယ်ဆိုတာမျိုးတွေ၊ လက် ဆေးရမယ်ဆိုတာမျိုးတွေ၊ အပူချိန်တိုင်း ရမယ်ဆိုတဲ့ ကိစ္စမျိုးတွေ ကျန်းမာရေး ဌာနကနေ ညွှန်ကြားထားတာရှိတယ် လေ။ ဒါကို တစ်သွေမတိမ်းလိုက်နာပေး ဖို့ပေါ့။

အစ္စလာမ်ဆို ရန်ကုန်က အသင်း ချုပ်ကနေ ဗလီအားလုံးကို ဒီလိုညွှန်ကြား ထားတာတွေရှိတယ်။ ဘုရားရှိခိုးအချိန် အကြိမ်ရေလျှော့ချဖို့တွေ သူတို့ညွှန်ကြား ထားတာတွေ ရှိတယ်။ သူတို့ဟာသူတို့ ညွှန်ကြားတာ အဲဒါမျိုးတွေရှိနေတယ်။ သူတို့ဘာသာရေးအလိုက်ကို ညွှန်ကြား ထားတာတွေရှိတယ်။

တနင်္သာရီအပတ်စဉ် – ကျေးဇူးတင် ပါတယ် ဆရာခင်ဗျား။

ကိုဇော်