ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေး မွန်ပါတီတွေလည်း ပြင်ဆင်ထား

0
604

လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်နိုင်ငံရေးပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီတို့ကလည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြသည်။


မွန်ညီညွတ်ရေးပါတီအနေနှင့် ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေး ကော်မတီတစ်ရပ် ကို မတ်လ ၂၅ ရက်ကဖွဲ့စည်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်း၊ သတင်းအချက်အလက်စုဆောင်း ဖြန့်ဝေရေးလုပ်ငန်းအပြင် လူနာအရန်စောင့်ကြည့်ရေးစခန်းထားရှိရန်လည်း ပြင်ဆင်လုပ်ဆောင်နေသည်ဟု ပါတီခေါင်းဆောင်ထံမှ သိရသည်။


“တကယ်လို့ လူနာများလာရင် ဆေးရုံမှာအခက်အခဲဖြစ်လာရင် ထားဖို့ပေါ့။ အရန်နေရာ စီစဉ်သွားဖို့ ရှိတယ်”ဟု မွန်ညီညွတ်ရေး ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။


လူနာအရံစောင့်ကြည့်ရေးစခန်းကို မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့တို့တွင် ထားရှိရင် လျာထားပြင်ဆင်လျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများ ရရှိနိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်ဟု မွန်ညီညွတ်ရေးပါတီက ပြောသည်။


ထိုအတူ မွန်လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မိမိတို့ထိန်းချုပ်နယ်မြေအတွင်း ကြိုတင်ကာကွယ်ရေး အစီအစဉ်များလုပ်ဆောင်ရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ဗဟိုကျန်းမာရေးဌာနနှင့် ခရိုင်မြို့နယ် ကျန်းမာရေးဌာန အသီးသီးတို့ကို မတ်လ ၂၅ ရက်က ညွှန်ကြားထားသည်။