ပြည်ပမှ ပြန်လာသူများကို သီးသန့်ထား စောင့်ကြည့်ရန် မွန်ပြည်နယ်အစိုးရ စီစဉ်

0
601

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများကို သီးသန့် သတ်မှတ်ထားသည့်နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု (facility quarantine)လုပ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေသည်။


ပြည်ပမှ မွန်ပြည်နယ်သို့ ပြန်လာသူများကို နေအိမ်တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု (home quarantine) ပြုလုပ်နေသော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် နောက်ထပ်ထပ်မံရောက်ရှိလာသူများကို သီးသန့်သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု ပြောင်းလဲပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် မတ်လ၂၆ ရက်နေ့ကကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်လိုက်သည်။


“အခုက home quarantine သည်မအောင်မြင်ဘူး။ သိကြတဲ့အတိုင်းပဲ တချို့ကမလိုက်နာဘူးပေါ့။ အချို့ကျတော့ လိုက်နာတယ်။ ရွာကလက်မခံဘူး။ အဲတော့ (မတ်လ ၂၆) ဝန်ကြီးချုပ်နဲ့ အစည်းအဝေးမှာ home quarantineကို လုံးဝမလုပ်တော့ပါဘူး။ facility quarantine လုပ်ဖို့အတွက် စလုပ်မယ်ပေါ့”ဟု မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။


လက်ရှိတွင် သီးသန့်သတ်မှတ်ထားသည့်နေရာတွင် ၁၄ ရက်ကြာ စောင့်ကြည့်မှုပြုလုပ်နိုင်ရန်အတွက် နေရာသတ်မှတ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က စီစဉ်လျက်ရှိသည်။


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွား သည့်နိုင်ငံမှ ပြန်လာသူ မည်သူမဆို ကျန်းမာရေး ကောင်းသည်ဖြစ်စေ ကျန်းမာရေးမကောင်းသည်ဖြစ်စေ သီးသန့်သတ်မှတ်ထားသည့်နေရာတွင် ၁၄ ရက်ကြာ စောင့်ကြည့်မှုပြုလုပ် ရမည်ဖြစ်သည်။


သီးသန့်သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက်ကြာ စောင့်ကြည့်မှုခံရများအတွက် နေထိုင်ရေး စားသောက်ရေးအပြင် လုံခြုံရေးအတွက်ပါ စီစဉ်ပေးရန် ဆွေးနွေးထားသည်ဟုလည်း ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။


မတ်လ ၂၆ ရက်နေ့ စာရင်းအရ မွန်ပြည်နယ်တွင် ဆေးရုံ၌ထားရှိ၍ အသွားအလာကန့်သတ်မှု ပြုလုပ်ထားသူ ၁၉ ဦးနှင့် စောင့်ကြည့်လူနာ ၂ ဦး စုစုပေါင်း ၂၁ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်မှ ပြည်ပရောက်နေသည့် လူဦးရေ ၄ သိန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ထိုင်းတွင်ဖြစ်ကြောင်း သိရသည်။