ကော့သောင်းစားသောက်ဆိုင်များ၌ ပါဆယ်သာ ဝယ်ရမည်

0
626

နယ်စပ်မြို့တစ်မြို့ဖြစ်သော ကော့သောင်းမြို့တွင် KTV၊ အနှိပ်ခန်းများ ယာယီပိတ်ထားရန်နှင့် စားသောက်ဆိုင်များတွင် ထိုင်စားခွင့်မပြုတော့ဘဲ ပါဆယ်သာရောင်းရန် ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်လိုက်သည်။


မတ်လ၂၆ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော ယင်းဒေသန္တရအမိန့်အရ ကော့သောင်းမြို့နယ် အတွင်းရှိ KTV၊ အနှိပ်ခန်းများယာယီပိတ်ထားရန်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ အရက်ဆိုင်များ ဖွင့်ထားနိုင်သော်လည်း ဆိုင်အတွင်းစားသုံး၊ သောက်စားခြင်းမပြုရန် တားမြစ်လိုက်သည်။


ယင်းအမိန့်မှာ ဧပြီ ၃၀ရက်နေ့ အထိဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ယင်းအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။


“စားသောက်ဆိုင်တို့၊ ဘီယာဆိုင်တို့၊ အရက်ဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ ကျွန်တော့်ဆိုင်တွေကို ပိတ်ခိုင်းတာ မဟုတ်ပါဘူး။ အဓိကကတော့ ပါဆယ်ဝယ်သွားဖို့ပေါ့နော်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီအမိန့်ကိုထုတ်ထားတာပါ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။


နိုင်ငံခြားမှ ပြန်ရောက်လာသောလူပုဂ္ဂိုလ်များအားလည်း နေအိမ်တွင် ၁၄ရက် ရောဂါစောင့်ကြည့်နေစဉ်ကာလအတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ မိသားစုဝင်များနှင့်အတူ နေထိုင်ခြင်း၊ အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်းမပြုရန်လည်း ထိုအမိန့်ဖြင့် တားမြစ်ထားသည်။


လက်ရှိတွင် နေအိမ်စောင့်ကြည့်စနစ်ဖြင့် စောင့်ကြည့်ခံနေရသူ ကော့သောင်းမြို့နယ်အတွင်း ၁၁၅ဦး ရှိကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။


“ကျွန်တော်တို့က နယ်စပ်မြို့ဖြစ်နေတယ်။ တစ်ဖက်ကနေပြီးတော့မှ အလုပ်သမားတွေ ပြန်ဝင်လာတာရှိတယ်။ အဲဒီ ပြန်ဝင်လာတဲ့အလုပ်သမားတွေအတွက် အိမ်တွေမှာစောင့်ကြည့်နေရတာရှိတယ်” ဟု ၎င်းက ဆိုသည်။


ထိုတားမြစ်ချက်ကို ဖောက်ဖျက်ပါက၂၀၁၁ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


၂၀၁၁ ခုနှစ်ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအရတားမြစ်ထားသည့် ၎င်းဥပဒေပုဒ်မများကို ကျူးလွန်ဖောက်ဖျက်လျှင် အနိမ့်ဆုံးအပြစ်ဒဏ်မှာ ဒဏ်ငွေကျပ်ငါးထောင်အထိမှ ထောင်ဒဏ်တစ်လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ပြီး အမြင့်ဆုံးအပြစ်ဒဏ်မှာ ဒဏ်ငွေကျပ်ငါးသောင်းမှ ထောင်ဒဏ် ၆လအထိ ကျခံနိုင်သည်။


“အခုချိန်မှာဆိုတော့ ဒီလိုအမိန့်ထုတ်တာ သင့်တော်ပါတယ်။ ဒီရောဂါက မြင်ရတာမျိုး မဟုတ်ဘူးလေ”ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။


ပြည်သူလူထုအနေဖြင့်လူစုလူဝေးဖြင့် ကျင်းပသောအခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ဧပြီလ ၃၀ရက်အထိမကျင်းပဘဲ ရပ်ဆိုင်းထားရန်လည်း ပန်ကြားပြီးဖြစ်ကြောင်း ယင်းအမိန့်တွင် ပါရှိသည်။