ကော့သောင်းမြို့မတံတားတွင် အပူချိန်တိုင်း ပုံရိပ်ဖမ်း စက်တပ်ဆင်

0
457

ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံနှင့် ကျွန်းများမှ ဝင်ရောက်သူများကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါလက္ခဏာ စောင့်ကြည့် တိုင်းတာနိုင်ရေးအတွက် ကော့သောင်း မြို့မတံတားတွင် အပူချိန်တိုင်း ပုံရိပ်ဖမ်းစက် တစ်စုံတပ်ဆင်နေကြောင်း ကော့သောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြော ကြားသည်။

အပူချိန်တိုင်း ပုံရိပ်ဖမ်းစက်တပ်ဆင် ခြင်းလုပ်ငန်းကို မတ်လ ၂၉ရက်တွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ပြီး မတ် လ ၃၀ ရက်မှ စတင်ကာ ကော့သောင်းသို့ ရေလမ်းမှဝင်ရောက်သူအားလုံးကို ရောဂါ လက္ခဏာ စတင်တိုင်းတာနိုင်မည်ဟု ကော့သောင်းခရိုင်COVID 19 ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးနေဦးက ပြောသည်။

အပူချိန်တိုင်းစက်ကို ၃၈ဒီဂရီစင် တီဂရိတ်/၁၀၄ဖာရင်ဟိုက်တွင် ချိန်ညှိ ထားပြီး ယင်းအပူချိန်ရှိသူစက်ရှေ့က ဖြတ်သန်းပါက အချက်ပေးသံထွက်ပေါ် မည်ဖြစ်ရာ ယခင်ကကဲ့သို့ တစ်ဦးချင်း တိုင်းတာစစ်ဆေးနေရန် မလိုတော့ကြောင်း ဦးနေဦးက ပြောသည်။

“ဝင်ပေါက်ထွက်ပေါက်တွေက ကျန်းမာရေးအရ အဲလောက်အထိ မစိစစ် နိုင်ဘူး။ တချို့လူတွေက ကျော်ကျော် သွားတာတွေရှိတယ်။ အဲဒါကြောင့်ဒီစက် ကိုတပ်တာ”ဟု ဦးနေဦးက ဆိုသည်။

စောင့်ကြည့်သူတာဝန်ကျဝန်ထမ်း များက အပူချိန်မြင့်သူကိုသာ သီးသန့် ခွဲထုတ်ကာ နောက်ထပ်စစ်ဆေးမှုများဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ရာ တိကျသေချာပြီး ခရီးသွားများလည်း အချိန်ကုန်သက်သာစေမည်ဖြစ်ကြောင်း ဦးနေဦးက ပြောသည်။

ထိုစက်တပ်ဆင်ပြီးပါက ထိုင်းနိုင်ငံ နှင့်သူဌေးကျွန်း၊ ရတနာကျွန်းစသည့် ကျွန်းများမှ ပြန်လာသူတိုင်းကိုမြို့မတံ တားတစ်ခုတည်းကသာ ဝင်ခိုင်းပြီး ထိုစက်ရှေ့မှ ဖြတ်သန်းပြီးမှ မြို့ထဲဝင်ခွင့် ပြုသွားမည်ဖြစ်သည်။

ယင်းစက်ဖြင့် အဖျားအဓိက တိုင်း မည်ဖြစ်သည်။

“အဖျားတိုင်းတာပဲ။ အခုလိုကိုဗစ် လိုဟာမျိုးမှာ အဖျားတိုင်းခြင်းအားဖြင့် ဖျားတဲ့လူတွေကို ကျွန်တော်တို့က သတိထားစောင့်ကြည့်တဲ့သဘောပေါ့။အဲဒီအတွက် ဒီစက်ကြီးဆင်တာပါ”ဟု ကော့သောင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်က ပြောသည်။

အဆိုပါစက်ကို ကော့သောင်း ဒေသခံလုပ်ငန်းရှင်များ၏စုပေါင်းမတည် လှူဒါန်းငွေဖြင့်ဝယ်ယူကြောင်း ဦးနေဦး ထံမှသိရသည်။

Dawei Watch