တက္ကသိုလ်ဝင်တန်းဖြေပြီး စာဖြေအခန်း၀တွင် ကျောင်းသူတစ်ဦး ရွှေဆွဲကြိုးဖြတ်ခံရ

0
318

ထားဝယ်မြို့တွင် တက္ကသိုလ်ဝင် တန်း စာမေးပွဲဖြေဆိုပြီး ထွက်လာသည့် ပြင်ပဖြေကျောင်းသူတစ်ဦး စာဖြေ အခန်း၀တွင် ရွှေဆွဲကြိုးဖြတ်ခံရကြောင်း ကာယကံရှင်နှင့် မိသားစုဝင်များထံမှ သိရသည်။

ထားဝယ်မြို့ရှိ အထက ၂ စာစစ် ဌာနတွင် မတ်လ ၁၈ ရက် ဘောဂဗေဒ ဖြေဆိုသည့်နေ့က ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

စာမေးပွဲဖြေပြီး ပြန်ထွက်လာချိန် တွင် စာဖြေခန်းအပေါက်၀ ကော်ရစ်တာ တွင် စာဖြေကျောင်းသားများ တိုးဝှေ့ နေချိန်တွင် လည်ပင်းတွင် ဝတ်ဆင် ထားသည့် အလေးချိန်ငါးမူး သားခန့် ရှိသည့် ရွှေဆွဲကြိုးကို အနောက်ဘက်မှ ဆွဲဖြတ်ခံရကြောင်း ကာယကံရှင်ဖြစ်သူ မနီလာထွန်းက ပြောသည်။

ထိုသို့အနောက်ဘက်မှ ဆွဲလိုက် ချိန်တွင် ရွှေဆွဲကြိုး၌ တပ်ဆင်ထားသည့် လော့ကက်သီး ပြုတ်ကျသွားသဖြင့် ပြန် ကောက်နေသည့်အတွက် ဆွဲကြိုးဖြတ်သူ ကို မတွေ့မိလိုက်ကြောင်း ၎င်းက ဆိုသည်။

“စာဖြေခန်းကနေ ထွက်တဲ့ အပေါက်၀မှာ ဖြစ်တာ”ဟု မနီလာထွန်း က ပြောသည်။

အဆိုပါ စာဖြေအခန်းများတွင် ပြင်ပဖြေကျောင်းသားများ ဖြေဆိုကြ ကြောင်း ၎င်းက ဆိုသည်။

ရွှေဆွဲကြိုး ဖြတ်ခံရသည့်ကိစ္စကို ကျောင်းဝင်းအပြင်ဘက်တွင် စောင့်ဆိုင်း နေသည့် ဖခင်ဖြစ်သူကို သွားရောက် ပြောပြခဲ့ကြောင်း ၎င်းက ဆိုသည်။

သမီးဖြစ်သူက ရွှေဆွဲကြိုးအဖြတ်ခံရကြောင်း လာပြောပြသည့်အတွက် ကျောင်းတာဝန်ရှိသူများကို သွားပြောရာ တာဝန်ရှိသူများက ရဲတပ်ဖွဲ့ကို ဆက်သွယ်ပေးခဲ့ကြောင်း မနီလာထွန်း၏ ဖခင်ဖြစ်သူ ဦးသိန်းသန်းက ပြောသည်။

ဆွဲကြိုးဖြတ်ခံရသည့် ဖြစ်စဉ်က စာဖြေခန်းအဝင်၀တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းဝင်းအတွင်းဖြစ်ပွား သည်မှာ မဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။

“ပစ္စည်းကို မက်မောလို့မဟုတ်ဘူး၊ နောက်ထပ်လည်း ဒီလိုဖြစ်နေလိမ့်မယ်၊ ပစ္စည်းရချင်မှရ လူကိုမိရင်ရပြီ”ဟု ဦးသိန်းသန်းက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ထားဝယ် မြို့မရဲစခန်းတွင် အမှုဖွင့်သွားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ရွှေဆွဲကြိုး ဖြတ်ခံရသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောသည်။

မတ်လ ၁၉ ရက်နေ့ နေ့လယ်အချိန် အထိ အမှုဖွင့်ထားခြင်း မရှိသေးပေ။

Dawei Watch