မြိတ်ကျွန်းခရီးစဉ်များ တစ်လကျော်ပိတ်

0
491

မြိတ်ခရိုင်အတွင်းရှိ ကျွန်းခရီးစဉ် များကို တစ်လကျော် ယာယီပိတ်သိမ်း လိုက်ပြီ ဖြစ်သည်။
မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ ယာယီ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်က ပြောသည်။

ကမ္ဘာအနှံ့ ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ် နိုင်တင်း ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် မြိတ်ခရိုင်အတွင်းရှိ လူအသွား အလာများသော ကျွန်းများကို ပိတ်သိမ်း လိုက်ခြင်း ဖြစ်သည်။

“အဓိကကတော့ နိုင်ငံခြားသားနဲ့ တခြားပြင်ပက ဝင်ရောက်လာမဲ့ ဧည့် သည်တွေကို ပိတ်ဖို့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းကပြောသည်။

မြိတ်ခရိုင် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ မတ်လ ၂၇ ရက်နေ့က အစည်းအဝေး ပြုလုပ်ပြီး ယင်းသို့ ပိတ်သိမ်းရန် ဆုံး ဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မတ်လနှင့် ဧပြီလတို့သည် မြိတ် ခရိုင်အတွင်း ခရီးသည် အလာများဆုံးလ ဖြစ်ပြီး ယင်းသို့ပိတ်သိမ်းမှုအပေါ် ခရီး သွားလုပ်ငန်းရှင်များအနေဖြင့် နစ်နာမှု ရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါအသွင် ဖြစ်နေသည့်အတွက် အားလုံး ပိတ်သိမ်းလိုက်ခြင်းသည် အကောင်းဆုံး အနေအထားဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ဆိုသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်း စုစုပေါင်း ၃၆ ခုရှိကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနရုံးထံမှ သိရသည်။

ကိုဆန်း