ရေထွက်ပစ္စည်း ဈေးနှုန်းကျဆင်း

0
632
ရေထွက်ကုန်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရေထွက်ပစ္စည်းဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့် မောတောင်နှင့် ထီးခီးနယ်စပ်ဂိတ် ဝင်ပေါက်ထွက်ပေါက်များကို ပိတ်လိုက် သဖြင့် ကော့သောင်း-ရနောင်းလမ်းမှ လှေဖြင့်ဝင်ကာ ထိုင်းဘက်သို့ ရေထွက် ပစ္စည်းတင်ပို့ ရောင်းချနေရသည်ဟု ယင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးကျော်ကျော် သက်က ပြောသည်။

“ကမ်းဝေး ငါးလုပ်ငန်းရှင်များကတော့ ယိုးဒယားက ပိတ်ချလိုက်မှာကို ကြောက် နေတယ်။ ရေလမ်းကတော့ ရနေသေးတယ်။ ဝယ်နေသေးတယ်၊ ဈေးကတော့ကျတာ ပေါ့။ ဝယ်လိုအားက စင်ထက်ကို ရောက် သွားတယ်။ ရောင်းသမားက ရတဲ့ဈေးနဲ့ ရောင်းရတယ်ဆိုတော့ ရောင်းသမားက ဒုက္ခရောက်တယ်ပေါ့နော်”ဟု ဦးကျော် ကျော်သက်က ဆိုသည်။

ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ယခု မတ်လမှ စတင်ကျဆင်းလာပြီး ကားလမ်းပိတ်ထားသဖြင့် ရေလမ်းမှ တင်ပို့ရောင်းချနေရသည်ဟု ဦးကျော် ကျော်သက်က ပြောသည်။

တနင်္သာရီတိုင်းမှ ငါး၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်စသည့် ရေထွက်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေပြီး ရန်ကုန်မှ တစ်ဆင့်လည်း ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချသည်ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ်မှ စ၍ ထိုင်းနိုင်ငံနှင့် အချို့နိုင်ငံများတွင် စက်ရုံအလုပ်ရုံများ ပိတ်လိုက်ရသဖြင့် ရေထွက်ပစ္စည်းဈေးနှုန်း တဖြည်းဖြည်း ကျဆင်းလာသည်။

“နယ်စပ်လမ်း ဖွင့်ထားတာတောင် မလွယ်ဘူး ရေထွက်ကုန်က၊ သူများနိုင်ငံ က စက်ရုံတွေ ပိတ်လိုက်ပြီဆိုတည်းက တို့က ဘယ်နားမှာသွားရောင်းဖို့၊ တို့ပြည် တွင်းမှာလည်း စားလို့မနိုင်ဘူးလေ”ဟု ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်း၊ မြောင်းပုလဲရပ်ရှိ မမီးမီး ရေထွက်ပစ္စည်းရောင်း ဝယ်ရေးလုပ်ကိုင်သူ မမီးမီးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ရောဂါကြောင့် ထိုင်းနိုင်ငံက ထီးခီး၊ မောတောင်နယ်စပ် ဝင်ပေါက်များကို မတ်လ ၂၁ ရက်မှ ဧပြီလ ၃ ရက်အထိ ယာယီပိတ်ထားလိုက်ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းမှ ရေထွက်ပစ္စည်းကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေရပြီး ထိုင်းနိုင်ငံသည် ပင်လယ်စာတင်ပို့ မှုတွင် ကမ္ဘာ့နံပါတ် အဆင့်သုံးတွင် တည်ရှိသည်ဟု သိရသည်။

ယခုနှစ် ငါးဖမ်းရာသီအစတွင် ရေထွက်ပစ္စည်း ဖမ်းဆီးရမိမှုများသဖြင့် ရေထွက်ကုန်ဈေးနှုန်းများ ထိုးဆင်းခဲ့ဖူးသည်။

Dawei Watch