ကပ်ဆိုး အကြောင်းပြု ပေါင်းစုခွင့်

0
1947

ဒေါ်မြင့်ကြည်တို့အိမ်တွင် အိမ်သူ အိမ်သားအားလုံး စုံနေသည်။ မြိတ်မြို့ မြိတ်တောင်ရပ်နေ ဒေါ်မြင့်ကြည်တို့ အိမ်တွင် ယခင်ကာလများက ယခုကဲ့သို့ ရက်ရှည်နေ့စဉ် လူစုံသည်မျိုး မကြုံဖူး ပေ။

အိမ်သားတို့က အလုပ်သွား၊ အပြင် သွား။ သားသမီးတို့က ကျောင်းသွား။ ကျောင်းပြန်လျှင် ကျူရှင်သွား။ ယခုကဲ့သို့ နွေကျောင်းပိတ်ကာလ ဆိုလျှင်လည်း ပန်းချီသင်တန်း၊ အင်္ဂလိပ်စာ ကွန်ပြူတာ စသည့် သင်တန်းများ နောက်လိုက်ရင်း ဖြင့် မိသားစု မျက်နှာဆုံချိန်ပင် မရှိခဲ့။

မိသားစုဆုံတတ်သည့် ညနေ ထမင်းဝိုင်းတွင်ပင် အကြောင်းအမျိုးမျိုး ဖြင့် လူမစုံသည်က များတတ်သည်။

ယခုနွေကျောင်းပိတ်တွင်မူ ကိုရိုနာ အရေးကြောင့် နွေသင်တန်းအားလုံး ပိတ်။ ကိုရိုနာကြောင့် အိမ်သားအားလုံးက ကိစ္စအထွေအထူးမရှိက အပြင်မထွက်ကြ။

ယခင်က ထမင်းဝိုင်းတွင်ပင် လူမစုံခဲ့သော်လည်း ယခုအချိန်တွင် ထမင်းချက်ချိန်တွင်ပင် လူစုံနေသည်။

“အိမ်သားအားလုံးက လူစုံတက်စုံ ပဲ။ မိသားစု သူတစ်လက် ငါတစ်လက် ထမင်းဟင်းချက်ကူကြ၊ ပျော်ပျော်ရွှင်ရွှင် နဲ့ ဒီတစ်ကြိမ်ပဲ စုစုလုံးလုံး နေရဖူးတယ်။ ဒါကလည်း အဆိုးထဲက အကောင်းလို့ ပြောရမလား။ အိမ်သားတွေ တစ်ယောက် ကိုတစ်ယောက် အရင်ကထက် ဒီအချိန်မှာ ပိုပြီး ဂရုစိုက်လာကြတယ်ပေါ့”ဟု အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်ကြည်က ပြောသည်။

သရက်ချောင်းမြို့နယ် ညောင်ဇင် ရွာနေ အသက် ၇၁ နှစ်အရွယ် ဒေါ်ကြည်ရှိန် တစ်ယောက်လည်း အိမ်တွင် မိသားစု လူစုံတက်စုံရှိနေသဖြင့် ပျော်နေသည်။ ရန်ကုန်က ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ် ပြီး ယခင်နှစ်များက သင်္ကြန်ရုံးပိတ်ရက်မှ အိမ်ပြန်တတ်သည့် သမီးထွေးသည်ပင် ယခု အိမ်ပြန်ရောက်နေသည်။

ကိုရိုနာကြောင့် အပြင်မထွက်ကြ သဖြင့် သားသမီးအားလုံး စုကာ စကား လက်ဆုံကျခွင့် ရနေသည်။

“မိသားစုတွေ ပြန်ဆုံတော့ ပျော် တာပေါ့။ အရင်ကနှစ်တိုင်းဆို မိသားစု က စုံကြတယ်။ သူ (သမီးထွေး) တစ် ယောက် ပဲ မရှိတာ။ အခုပဲ စကားထိုင်ပြော နေကြတာ။ အရင်ကဆို ဘုရားဖူးသွား တာနဲ့ ဘာနဲ့ ဆုံတွေ့ပြောဆိုဖို့ကို မခံဘူး။ သုံးလေးရက်ပဲ နေရတာကိုး။ မိသားစုတွေစုံရင် ချက်စားကြတယ်”ဟု ဒေါ်ကြည်ရှိန်က ပြောသည်။

ဒေါ်ကြည်ရှိန်၏ သမီးထွေး အိမွန်ဖြိုးကလည်း ယခင် ရွာပြန်စဉ်က သူငယ်ချင်းများနှင့် ရှင်ကိုးရှင်နှင့် ကမ်း ခြေများ လျှောက်လည်ဖြစ်သော်လည်း ယခုတော့ မိသားစုနှင့်သာ အချိန်ကုန်ဆုံး ရန် ရည်ရွယ်ထားကြောင်း ပြောသည်။

“အရင်က (ရွာကို) လာတယ်ဆိုရင် သုံးလေးရက်ကိုပဲ မောင်းမကန်သွားမယ်။ ရှင်ကိုးရှင်သွားမယ်။ သူငယ်ချင်းတွေနဲ့ လည်တာတွေ လုပ်တယ်။ အိမ်မှာလည်း စားချင်တာတွေ လုပ်စားကြတယ်။ အခု ကတော့ သွားကိုမရဲတာ။ မိသားစုနဲ့ တွေ့ချိန် ပိုများသွားတာပေါ့။ အခုတော့ အိမ်မှာပဲ လုပ်လိုက်စားလိုက်ပေါ့။ နေဖြစ် မယ်။ အခုတော့ သင်္ကြန်လည်းမရှိ ကမ်း ခြေတွေလည်း ပိတ်ဆိုတော့ သွားဖို့ အစီ အစဉ်တွေ မရှိတော့ဘူး”ဟု မအိမွန်ဖြိုး က ပြောသည်။

တကယ်တော့ မောင်ပိုင်ဇေဟိန်းတစ်ယောက် နွေကျောင်းပိတ်တိုင်း သင်တန်းတွေမတက်လိုလှ။ အမေရိုက်မည်စိုး၍သာ တက်နေရသည်။ သူငယ်ချင်းများနှင့် ဘောလုံးကန်၊ သစ်ပင်တက် စသဖြင့်နွေကျောင်းပိတ်ရာသီကို ဖြတ်သန်းချင်ခဲ့သည်။ လောင်းလုံးမြို့နယ် မင်းရပ်ရွာမှ ပဉ္စမတန်းကျောင်းသား အသက် ၁၁ နှစ်အရွယ် မောင်ပိုင်ဇေဟိန်းတစ်ယောက် ဒီနှစ်သူ့ဆန္ဒပြည့်ခဲ့ပြီ ြဖစ်သည်။

“ဒီနှစ်ကတော့ အိမ်မှာနေရလို့ ပိုပျော်တယ်။ ကိုယ်ကစားချင်တာ ကစား ရတယ်။ နောက်နှစ်ကျရင်တော့ ဘယ်လို လဲမသိဘူး။ နောက်နှစ် ကျောင်းပိတ် ရင်လည်း သင်တန်းမတက်ချင်ဘူး။ ကစားချင်သေးတယ်”ဟု မောင်ပိုင်ဇေဟိန်းက ပြောသည်။

ထို့အပြင် အိမ်တွင် မိသားစုအားလုံး နေ့တိုင်းဆုံသဖြင့် ပျော်နေကြောင်း သူက ဆိုသည်။

“အခုဆိုရင် အိမ်မှာ လေးယောက် စလုံးရှိနေတယ်။ အဖေရော၊ အမေရော ညီလေးရော လေးယောက်”ဟု မောင်ပိုင် ဇေဟိန်းက ပြောသည်။

မြိတ် ဇေယျသီရိရပ်နေ အသက် ၁၃ နှစ်ရွယ် ၈ တန်းကျောင်းသူ မယမင်းမြတ်ကတော့ အပြင်တွင် သင်တန်း မတက်ရသဖြင့် အိမ်တွင် မောင်နှမတွေ ဆော့ရင်း အချိန်ကျလျှင် မိခင်ထံမှ အိမ်မှုကိစ္စတွေ သင်ယူနေသည်။

“အိမ်မှာမောင်နှမတွေနဲ့ ကစားရ တာ ပျော်တယ်ပေါ့။ အမေ့ကိုကူရင်း ထမင်းဟင်းချက် သင်နေတယ်။ အဝတ် လျှော် မီးပူတိုက် အိမ်အလုပ်တွေ သင်နေရတယ်။”ဟု မယမင်းမြတ်က ပြောသည်။

လောင်းလုံးမြို့နယ် အင်းဝန်းကျေး ရွာနေ ဆဋ္ဌမတန်းကျောင်းသူမိခင် ဒေါ်ဖြူနှင်းသည်လည်း ယခင်နှစ်များက သားသမီးများကို နွေသင်တန်းအမျိုးမျိုး ပို့ခဲ့သော်လည်း စိတ်မချဖြစ်ခဲ့ရပြီး ယခုက ကိုယ့်ရင်ခွင်ထဲ ထည့်ထားရ သဖြင့် ပိုစိတ်ချလက်ချဖြစ်ရကြောင်း ဖွင့်ဟသည်။

“ကပ်ရောဂါကြောင့် သင်တန်း တက်ခိုင်းမယ်ကြံကာ ရှိသေး။ ပိတ်လိုက် တယ်ပြောလို့ မတက်ခိုင်းဖြစ်တော့ဘူး။ သင်တန်း ထားဖြစ်တာကတော့ ကြီးလာရင် အထောက်အကူ ဖြစ်အောင်လို့ ထားတာ။ သင်တန်း သွားထားတယ်ဆို ပေမယ့်လည်း ပူနေရတာပါပဲ။ အခုတော့ ပူစရာတွေထဲက တစ်ခုလျော့သွားတာ ပေါ့။ အခုလိုအခြေအနေမှာဆိုရင် ပိုပြီး ကို မိဘရင်ခွင်ထဲမှာ ထားထားရမှာ”ဟု ဒေါ်ဖြူနှင်းက ပြောသည်။

ကပ်ရောဂါကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရသော်လည်း ကပ်ရောဂါကို အကြောင်းပြုကာ မိသားစုစုံခွင့်ရသည်ကို ဒေါ်ဖြူနှင်းလည်း နှစ်သက်နေသည်။

“အိမ်မှာလည်း မိသားစုစုံနေရင် တစ်မျိုးတော့ စိတ်ချမ်းသာနေရတယ်။ ဘယ်လို စိတ်ချမ်းသာနေလဲ မပြောတတ်ဘူး”ဟု ၎င်းက ပြောသည်။

မြိတ်တောင်ရပ်နေ ဒေါ်မြင့်ကြည် တော့လက်ရှိဖြစ်နေသည့် ရောဂါပိုးကပ် ဆိုးမျိုးနှင့် မဟုတ်ဘဲ ပူပင်ကြောက်ကြမဲ့ စွာဖြင့် မိသားစုစုံညီခွင့်မျိုး ပြန်လိုချင် သေးကြောင်း ဖွင့်ဟပါသည်။

“ဒီလိုအချိန်မျိုးက နောက်တစ်ကြိမ် ပြန်ရဖို့က မလွယ်ဘူး။ ဒီလိုအဖြစ်ဆိုးမျိုး နဲ့ ကြုံတာမျိုးမဟုတ်ဘဲ ပြန်ရချင်တာ မျိုးပေါ့”

တနင်္သာရီသတင်းအဖွဲ့