စခန်းသွင်းခံ ပြည်တော်ပြန်တို့၏ ရင်ဖွင့်သံ

0
1758

ရွာစာသင်ကျောင်းတွင် သီးခြား သွားနေရမည်ဟု ရွာတာဝန်ရှိသူတို့ အိမ်တွင်လာခေါ်စဉ်ကတော့ မပြုံး တစ်ယောက် နားဝင်ခါးခဲ့သည်။

ကိုယ်တစ်ယောက်တည်း အိမ်မှ ခွဲကာ သီးခြားနေရာမှ စခန်းသွင်းခံရမည် ဟု မိသားစုအားလုံးရှေ့တွင် လာခေါ်ခံရ သဖြင့် မိသားစုဝင်များနှင့် သူ့ကြားတွင် ပင် သံသယစည်းတစ်ခု ခြားခံလိုက် ရသကဲ့သို့။

မိသားစုဝင်တွေက ငါ့ကို ဘယ်လို မြင်ကြမလဲ။ ငါက မိသားစုကြားထဲ “ရောဂါကပ်ဆိုးကြီးသယ်လာသူလို့ မိသားစု ဝင်တွေ ငါ့ကို မြင်ကြလေတော့မလား”
မပြုံးအသည်း “စစ်”ခနဲ နာရသည်။

မပြုံး(အမည်လွှဲ)တစ်ယောက် ထိုင်း နိုင်ငံ မဟာချိုင်တွင် အလုပ်လုပ်ရင်း ဗီဇာသက်တမ်းကုန်လုနီးသည်က တစ် ကြောင်း၊ သင်္ကြန်နီးသည်ကတစ်ကြောင်း၊ ကိုရိုနာရောဂါကပ်ဆိုးဖြစ်နေ၍ ထိုင်း တွင် နေသည်ထက် မိသားစုနှင့်အတူ နေ ရသည်က ပိုလုံခြုံသည်ဟု ခံစားရသည် ကတစ်ကြောင်း စသည့် အကြောင်းများ ကြောင့် မတ်လလယ်က အိမ်ပြန်ခဲ့သည်။

အပြန်လမ်းတွင် မဟာချိုင်မှ ထီးခီးနယ်စပ်ဂိတ်အကြား ကျန်းမာရေး စစ်ဆေးမှုများ ခံယူခဲ့သည်။

ထီးခီးမှ ထားဝယ်ခရိုင် လောင်းလုံး မြို့နယ် မောင်းမကန် ဇာတိရွာအရောက် တွင် ထိုင်း/မလေးနိုင်ငံတို့မှ ပြန်လာ သည့် သူမကဲ့သို့သော ပြည်တော်ပြန်တို့ အပေါ် ရွာခံတို့ အမြင်မရှင်းကြသည်ကို သူမ သိလိုက်ရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးခံထားရပြီး ဖြစ်သည့် နိုင်ငံများမှ ပြန်လာသူများတွင် ထိုရောဂါပိုး ပါလာနိုင်သည်ဟူသော သံသယများ ရှိနေကြသည်ကို သူမ သိလိုက်ရသည်။

သို့ကြောင့် မလိုအပ်ဘဲ အိမ်ပြင် မထွက်။ မိမိတွင် ကိုယ်ပူခြင်း၊ ဖျားခြင်း စသည့် စသည့် ရောဂါပိုးလက္ခဏာများ မပေါ်ပေါက်ဘဲ မိမိကိုယ်မိမိ စိတ်သန့် သော်လည်း မိမိကြောင့် ပတ်ဝန်းကျင်မှ ရွာသားများ စိတ်အနှောင့်အယှက် မဖြစ် စေလို။ မိသားစုနှင့်သာ အတူနေခဲ့သည်။

“ပတ်ဝန်းကျင်က အမြင် မရှင်းကြတော့ ဈေးတောင် မသွားရဲဘူး။ မုန့်ဆိုင်၊ ဈေးဆိုင်တွေလည်း မထွက်ရဲဘူး။ ပြည်တော်ပြန်ဆိုပြီး ကြည့်ကြလို့”ဟု မပြုံးက ပြောသည်။

ထိုသို့ အိမ်တွင်းအောင်းနေပြီး ခွဲခွာ နေရသည့် မိသားစုနှင့် အတိုးချအဖော်ပြု နေထိုင်နေသည့် ဆယ်ရက်ကျော်အကြာ တွင် ရွာတာဝန်ရှိသူများက အိမ်ရှေ့ ရောက်လာသည်။

ရွာစာသင်ကျောင်းတွင် ၁၄ ရက် စခန်းသွင်း စောင့်ကြည့်နေထိုင်ရမည်ဟု ပြောလာသည်။

“စပြောခံရတုန်းကတော့ စိတ်ထဲ စနိုးစနောင့် ဖြစ်တာပေါ့။ ငါ့မှာ။ ငါတို့မှာ (ရောဂါပိုး) ရှိလားဆိုပြီးပေါ့။ မိသားစု ကိုပါ ကူးပြီလားပေါ့”ဟု မပြုံးက ပြောသည်။

ပြည်တော်ပြန်များ စခန်းသွင်းရာ မောင်းမကန် အထက်တန်းကျောင်း အရောက်တွင် သူ့ကဲ့သို့သော ပြည်တော် ပြန် စောင့်ကြည့်ခံများ ဘ၀တူများနှင့် ဆုံရသောအခါ သူမ စိတ်သက်သာရာ အနည်းငယ် ရသွားသည်။

“ငါတစ်ယောက်တည်းမှ မဟုတ်ဘဲလေ”

ထိန်းသိမ်းစောင့်ကြည့်ပေးသည့် ရွာတာဝန်ရှိသူများ၊ လုပ်အားပေး စေတနာရှင် အမျိုးသမီးအမျိုးသားတို့က နွေးထွေးစွာ၊ စာနာထောက်ထားစွာ၊ ပြည်တော်ပြန် စောင့်ကြည့်လူနာဟူသော သံသယမျက်လုံးများဖြင့် မကြည့်ဘဲ ၎င်းတို့ စွမ်းသမျှ ကူညီလုပ်ဆောင်ပေးနေ ကြသည်ကို တွေ့ရသောအခါ မပြုံး စိတ်ဖြေနိုင်သွားသည်။

“အခုဆို ဒီမှာ ဘ၀တူတွေနဲ့ နေသားကျနေပါပြီ”ဟု မပြုံးက ပြောသည်။

မောင်းမကန် အထကတွင် မတ်လ ၂၇ ရက်က ထိုင်း/မလေးပြန် ၂၀ ဦးကို စခန်းသွင်းစောင့်ကြည့်ထားပြီး ကျား/မ ခွဲထား စောင့်ကြည့်နေသည်။

၎င်းတို့အတွက် လိုအပ်သော စားရေးသောက်ရေးနှင့် ရောဂါကာကွယ်ရေး ပစ္စည်းများကို ရွာခံများ၊ အရပ်ဘက် အဖွဲ့အစည်းများက ဝိုင်းလှူနေကြကာ ရွာခံစေတနာရှင်တို့က နေ့ရော ညပါ ကျွေးမွေး စောင့်ကြပ်ပေးနေကြသည်။

စောင့်ကြည့်ခံ ထိုင်းမလေးပြန် အားလုံးက ထိုသို့ ကူညီပေး၊ ကျွေးမွေးပေး သည့် ရွာခံများ၊ စေတနာရှင်များကို ကျေးဇူးတင်ကြောင်း ပြောကြသည်။

ထိုင်းမှ သင်္ကြန်အလုပ်ပိတ်၍ ပြန်လာကြသည့် မောင်းမကန်ရွာသား ကိုစိုးကျော်သူတို့ လင်မယားကလည်း မောင်းမကန်အထကတွင် စောင့်ကြည့် ခံနေရပြီး လင်နှင့်မယား အဆောင်တစ်ခု စီတွင် နေထိုင်နေရသည်။

“ထိုင်းက ရွာပြန်လာတော့ မိသားစု နဲ့ အတူနေမယ်။ အလည်သွားမယ် စိတ်ကူးထားတယ်။ ဒီလိုနေရလိမ့်မယ်လို့ ကြိုတွေးမထားပါဘူး”ဟု ကိုစိုးကျော်သူ က ဝန်ခံသည်။

သို့သော် ကိုစိုးကျော်သူက စိတ်မကောင်းတော့ မဖြစ်။ ကျေနပ်သည်ဟု ဆိုသည်။

“ဒီလို သီးသန့် စောင့်ကြည့်တာက ကောင်းပါတယ်။ မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ ရပ်ကွက်အတွက်၊ မြို့နယ်အတွက် ကောင်းပါတယ်။ စိတ် ကသိကအောက် ဖြစ်ပေမယ့် ကျေနပ်ပါ တယ်။ ရွာသားတွေကလည်း အချိန်ကုန်ခံ အပင်ပန်းခံပြီး စောင့်ရှောက်နေကြတာလေ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် ဘီးလင်းသူနှင့် အိမ်ထောင်ကျသည့် မောင်းမကန်သား လင်မယား စုံတွဲတစ်တွဲလည်း ထိုစာသင် ကျောင်းအတွင်း လူခွဲ စောင့်ကြည့်ခံနေ ရသည်။

သူတို့လင်မယား ထိုင်းမှ အပြန်လမ်း တွင် မြ၀တီလမ်းမှ ဝင်ရောက်ခဲ့ပြီး ဘီးလင်းရှိ ဇနီး၏ မိသားစုအိမ် ဦးစွာ ဝင်ခဲ့သည်။

မတ်လ ၂၃ ရက်တွင် လင်ယောက်ျား ၏ မိဘအိမ် အလည်လာရာမှ ယခုကဲ့သို့ စခန်းသွင်းခံလိုက်ရသည်။

“စောင့်ရှောက်ပေးတဲ့ သူတွေကို တော့ ကျေးဇူးတင်ပါတယ်။ အမှန်တိုင်း ပြောရင်တော့ ဒီလိုမှန်းကြိုသိရင်မောင်းမကန် ဘယ်လာမလဲ”ဟု ကိုစိုး ကျော်သူက ရယ်ကျဲကျဲဖြင့် ပြောသည်။

ထိုမောင်းမကန်ကျောင်း ပြည်တော် ပြန်စောင့်ကြည့်ရေးစခန်းတွင် ရန်ကုန် သူ အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။

“စိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ အားလုံးကောင်းဖို့ လုပ်တာပဲ။ ဒီမှာ ဒီလိုမျိုး ၁၄ ရက်ထားမယ်ဆိုတာ သိသိနဲ့ ပြန်လာတာပါ”ဟု ထိုရန်ကုန်သူက ပြောသည်။

မောင်မကန်သူ မပြုံးကမူ စခန်း သွင်းခံ ပြည်တော်ပြန်တို့ “ရောဂါပိုး သယ်လာသူများလော” ဟူသည့် သံသယ မှ လွတ်ကင်းတော့မည်ဟု ပြောပါသည်။

ဈေးသွားရမည်ကို၊ မုန့်ဆိုင်သွားရ မည်ကိုပင် တုံ့ဆိုင်းကာ မဝံ့မရဲဖြစ်ခဲ့ရ သည့် ပြည်တော်ပြန် မပြုံးအတွက် စောင့်ကြည့်ချိန် ၁၄ ရက် မကြာမီ ပြည့် ပါတော့မည်။

ထိုစခန်းသွင်းနေရာမှ အိမ်သို့ ခေါင်း မော့ရင်ကော့ကာ ပြုံးပြုံးကြီး ပြန်ရမည့် ရက်ကို မကြာခင် ရောက်လာတော့မည် ဖြစ်သည်။

“အခုလို နေပြီးရင်တော့ ကိုယ့်ကို ကိုယ်လည်း အမြင်ကြည်၊ ပတ်ဝန်းကျင် ကလည်း အမြင်ကြည်သွားပြီပေါ့”ဟု မပြုံးက ဆိုလေသည်။

မင်းခန့်

ကြော်ငြာဝန်ဆောင်မှု