တနင်္သာရီတိုင်း ဆန်မပြတ်ဟု အာမခံ

0
747

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ် ဂယက်ကြောင့် တနင်္သာရီတိုင်း အတွင်း ဆန်မပြတ်စေရေး အာမခံကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။


လက်ရှိတွင် တိုင်းအတွင်း ဆန် မပြတ်လပ်စေရေးနှင့် ဆန်ဈေးမတက် စေရေးအတွက် သက်ဆိုင်ရာ ဆန်ကုန်သည်အသင်းများနှင့် ညှိနှိုင်းဆွေးနွေးနေ ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် မတ်လ ၂၅ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍာဝန်ကြီးနှင့်တွေ့ဆုံရာတွင် လည်း တိုင်းအတွင်း ဆန်မပြတ်စေရေး အာမခံချက်ပေးထားကြောင်း ဦးဝင်းထွန်း က ပြောသည်။


လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း သို့ ဆန်ပုံမှန်တင်သွင်းနေပြီး ပင်ရင်းနေရာ တွင် ဝယ်ယူရန် ခက်ခဲလာပါက ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့တွင် သိုလှောင်ထားသည့် ဆန်ကို တိုင်းနှင့် ပြည်နယ်အလိုက်ခွဲဝေရောင်းချပေးမည် ဟု သိထားကြောင်း ၎င်းက ဆိုသည်။


ရန်ကုန်မြို့တွင် သိုလှောင်ထားသည့်ဆန်မှာ ယခုနှစ်ဆန်စပါးထွက်ချိန် တွင် တစ်တင်းသတ်မှတ်ဈေးနှုန်းကျပ်ငါးထောင်အတွက် အစိုးရရန်ပုံငွေဖြင့် ဝယ်ယူထားသည့်စပါးကို ကြိတ်ခွဲထားသည့် ဆန်များဖြစ်ကြောင်း ဦးဝင်းထွန်းက ရှင်းပြသည်။


ထိုကြောင့် တိုင်းအတွင်းဆန်လိုအပ်ချက်ဖြစ်လာပါက ယင်းဆန်များကို ဝယ်ယူပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


“ကျွန်တော်တို့တိုင်းအတွက်ကို ဆန်ကုန်သည်အသင်းနဲ့ ချိန်ညှိပြီး အဲဒီဆန်တွေကို ဝယ်ပြီးတော့ ခရိုင်သုံးခုကို ဖြန့်ထားမယ်” ဟု ဦးဝင်းထွန်းက ပြောသည်။


လက်ရှိဈေးကွက်အတွင်း ဆန်တစ်အိတ်ဈေးနှုန်း ကျပ်ထောင်ဂဏန်း (နှစ်ထောင်ခန့်) တက်နေခြင်းမှာ မိုးရာသီနီးသည့်အတွက် ဖြစ်ရိုးဖြစ်စဉ်သာဖြစ် ကြောင်း ၎င်းက ဆိုသည်။


တနင်္သာရီတိုင်းအတွင်း တစ်လလျှင် ဆန်အိတ်ရေ နှစ်သိန်းလေးသောင်းဝန်းကျင် လိုအပ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။


ထားဝယ်ခရိုင် ဆန်ကုန်သည် အသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်ကလည်း ဒေသအတွင်းဆန်ပြတ်လပ်နိုင်သည့် အခြေအနေမရှိကြောင်း ပြောသည်။


လက်ရှိတွင် ဈေးကွက်အတွင်း ဝယ်လို အားများနေခြင်း၊ ဆန်တင်သွင်းရန် (ရန်ကုန်၊ ဧရာဝတီ) ဒေသဆန်စက်ပိုင်များတွင် ဝယ်ယူရသည့်ဈေးနှုန်းသည့်အတွက် ဆန်ဈေးအနည်းငယ် တက်နေ ခြင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။


ထားဝယ်ခရိုင်အတွင်းသို့ ပြီးခဲ့သည့်အပတ်က ဆန်အိတ်ရေငါးထောင်နီးပါး၊ မတ်လ ၂၅ ရက်နေ့တွင်လည်း ဆန်အိတ်ရေငါးထောင်ကို ရေလမ်းဖြင့်ဝင်လာပြီးဖြစ်သကဲ့သို့ လာမည့်အပတ်တွင် လည်း အိတ်ရေငါးထောင် ထပ်ဝင်လာမည်ဖြစ်ကြောင်း ဦးနိုင်လွင်လတ်က ရှင်းပြသည်။


“တောက်လျှောက်ဝင်နေတာပဲ။ ဝယ်လိုအားများလွန်းလို့သာ ဆန်ကလုံလောက်မှုမရှိဘူးလို့ မြင်(ထင်နေ)တာ။ သူတို့လက်ထဲမှာ ပြည့်သွားရင် ပိုလျှံသလောက်ကိုဖြစ်သွားမှာ”ဟု ဦးနိုင်လွင်လတ်က ပြောသည်။


လက်ရှိတွင် စားသူရေးရာဦးစီးဌာနက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်အစရှိသည့် ဈေးနှုန်းများကို စာရင်းကောက်ယူပြီး ၎င်းတို့ရုံးချုပ်ထံ နေ့စဉ်တင်ပြနေကြောင်း အထက်ပါဌာနထံမှ သိရသည်။