တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

0
264

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီးရှိ အမျိုးသားလူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီးလူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ ထိုကြောင့် တနင်္သာရီတိုင်းအတွင်းမှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။

အထက်ပါ ဓာတ်ခွဲနမူနာပို့ထားသူမျာအနက် တစ်ဦးတွင် ပိုးမတွေ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယခင်က ဓာတ်ခွဲနမူနာ ပို့ထားသူ တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံများတွင် စောင့်ကြည့်လူနာ ၇ ဦးရှိပြီး ထားဝယ်တွင် ၄ ဦး၊ မြိတ်တွင် ၂ ဦးနှင့် ကော့သောင်းတွင် ၁ ဦးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီး သီးသန့်အဆောင်တွင် ယနေ့တင်ပို့ထားသည့် ပေါက်တိုင်းကျေးရွာနေ အမျိုးသားမှာ ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ပြီး ဖျားခြင်း ၊ ဝမ်းလျောခြင်းများ ဖြစ်ပွားလာသဖြင့် ဓာတ်ခွဲစစ်ဆေးရန် နမူနာကို တွင် ရန်ကုန်မြို့သို့ ပို့ထားခြင်း ဖြစ်သည်။


မြိတ်ကျွန်းခရီးစဉ်များတစ်လကျော်ပိတ်

မြိတ်ခရိုင်အတွင်းရှိကျွန်းခရီးစဉ်များကိုတစ်လကျော်ယာယီပိတ်သိမ်းလိုက်ပြီဖြစ်သည်။

မတ်လ၂၈ရက်နေ့မှဧပြီလ၃ဝရက်နေ့အထိယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု မြိတ်ခရိုင်ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်ကပြောသည်။

ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသောအသက်ရှုလမ်းကြောင်းဆိုင်ရာကိုဗစ်နိုင်တင်းကူးစက်ရောဂါပျံ့ပွားခြင်းမရှိစေရန်မြိတ်ခရိုင်အတွင်းရှိလူအသွားအလာများသောကျွန်းများကိုပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။


ထားဝယ်ဘုရားကြီး ဘုရားဖူးချိန် ကန့်သတ်

ထားဝယ်မြို့ရှိ ရွှေတောင်စားစေတီရှိရာ ဘုရားကြီးဝင်း၏ အရှေ့ဘက်နှင့် အနောက်ဘက် ဝင်းတံခါးနှစ်ခုသာ ဖွင့်ထားပြီး ကျန်ဝင်ပေါက်များကို ပိတ်ထားမည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ဝင်းတံခါးကိုလည်း နံနက် ၆ နာရီမှ ၉ နာရီအထိ၊ ညနေ ၄ နာရီမှ ၈ နာရီအထိ စုစုပေါင်း နှစ်ကြိမ်သာ ဖွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ သုံးဘီးယာဉ်များ ဘုရားကြီးဝင်းအပြင်ဘက်တွင်သာ ထားရှိရန် ၊ ဘုရားဖူးဧည့်သည်အားလုံး ကျန်းမာရေး(အပူချိန်တိုင်း)စစ်ဆေးခံရန်၊ လက်ဆေးရန်၊ လောကမာရဇိန်ဘုရားကြီး၏ ဂန္ဓကုဋိတိုက်အတွင်း တစ်ဦးနှင့် တစ်ဦး ၅ ပေအကွာနေ၍ ဘုရားဝတ်ပြုရန် အစရှိသည့် အချက်များကို ထုတ်ပြန်ထားသည်။


တိုင်းတရားရုံးတွင် တရားခွင်ကြားနာမှုများရွေ့ဆိုင်း

ကိုရိုနာရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း တိုင်းအတွင်းရှိ တရားရုံးများတွင် အမှုများကို ကြားနာတော့မည်မဟုတ်ပေ။

အဆိုပါရက်အတွင်း အမှုကြားနာရန်ချိန်းဆိုထားသည့် အမှုများကို ကြားနာတော့မည်မဟုတ်ကြောင်း၊ ကြားနာမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်က ထုတ်ပြန်ထားသည်။


ဓာတ်ပုံပေါက်တိုင်းကျေးရွာမှ လူနာကို ဆေးရုံသို့ ပို့ဆောင်စဉ်၊ (ဓာတ်ပုံ – ဇမ္ဗူသီရိ)